စစ်အာဏာသိမ်းမှုဆန့်ကျင်သော ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းမှုအား တားဆီးခဲ့သူ မိုးကုတ်ရေပူဆရာတော် ပျံလွန်တော်မူ

By MPM 4 နိုဝင်ဘာ, 2025 👁

စစ်အာဏာသိမ်းကာလအစပိုင်း ဆန္ဒပြပြည်သူများကို စစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းမှုအား ဝင်ရောက်တားဆီးမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ရေပူဆရာတော် ဦးဣန္ဒသည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် မိုးကုတ်မြို့၌ ပျံလွန်တော်မူခဲ့ကြောင်း နီးစပ်သူထံက သိရသည်။

မိုးကုတ်မြို့ ရေပူရပ်ကွက်မှ ရေပူကျောင်းထိုင် ဆရာတော် ဦးဣန္ဒ သည် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၉ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၈ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နယ်မြေမတည်ငြိမ်မှုများကြောင့် တိမ်းရှောင်ခဲ့ရသည်။

ထို့နောက် လက်ရှိနေထိုင်ရာကျောင်းသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ပြန်လည်ရောက်ရှိသီတင်းသုံးချိန်တွင် ဦးနှောက်အာရုံကြောနှင့် သက်ဆိုင်သည့် ရောဂါကို ပြင်းထန်စွာ ခံစားလာရကြောင်း ဆရာတော်နှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်းတည်းက အိပ်ရာထဲလဲနေတာ။ ဘယ်လိုမှ မထနိုင်တော့ဘူး။ ဘရိန်းကျူမာလို ပုံစံမျိုးပဲ။ ရုပ်ကလာပ်ကတော့ ခုထိ.. ကျောင်းမှာပါပဲ။ ဆရာတော် ဈာပနနဲ့ပတ်သက်ပြီး တိုင်ပင်နေတုန်းပဲဗျ” ဟု ရေပူဆရာတော်နှင့် နီးစပ်သူတဦးက ပြောသည်။

ရေပူဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၅၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ရေပူဆရာတော်သည် အစဉ်တစိုက် ပြည်သူလူထုဘက်တွင် ရပ်တည်ခဲ့သည့်အပြင် ဒေသခံကလေးများအတွက်လည်း အခမဲ့စာသင်ကျောင်းဖွင့်လှစ်ပေးခြင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ခြင်းတို့ကြောင့် ဆရာတော်ပျံလွန်တော်မူမှုသည် ကြီးမားသည့် ဆုံးရှုံးမှုတခုဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူများက ပြောသည်။

“ဆရာတော် ဘယ်လိုလဲဆိုတာကို ကျွန်တော်တို့ ထောင်တွင်းဖြတ်သန်းမှုရော၊ ထောင်ပြင်ဖြတ်သန်းမှုရော ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်သိပါတယ်။ ဆရာတော်ရဲ့ လက်ရှိ ပျံလွန်တော်မှုက မိုးကုတ်အတွက်သာမကပဲ နိုင်ငံတော်ကြီးအတွက်ပါ ဆုံးရှုံးမှုကြီးတခုလို့ပဲ ပြောချင်ပါတယ်” ဟု ဆရာတော်နှင့်နီးစပ်သည့် ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

ရေပူဆရာတော်သည် ယခင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့သူဖြစ်သည့်အပြင် မိုးကုတ်မြို့၊ မုံအင်းတွင် ကျောက်မျက်အသင်းရုံးဆောက်လုပ်မှုနှင့်ပတ်သက်၍ ဒေသခံများနှင့်အတူ ကန့်ကွက်မှုတွင် ပါဝင်ခဲ့ဖူးသည်။

ယင်းအပြင် ၂၀၁၅ ခုနှစ်တွင်လည်း ရေပူကျောင်းတိုးချဲ့ရန် မြေညှိရှင်းလင်းရာမှ တရားမဝင် ကျောက်မျက်တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့်ခဲ့ပြီး ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ဝယ်ယူစုဆောင်းထားသည့် သစ်များနှင့်ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းခံခဲ့ရကာ ထိုအမှုများဖြင့် အိုးဘိုအကျဉ်းထောင်တွင် တနှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။

မဇ္ဈိမ