စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ရွှေလီရတနာခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် စစ်အာဏာသိမ်းခေါင်းဆောင်က သျှမ်းပြည်မြောက်ပိုင်းသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ကုန်သွယ်ရေး ဆောင်ရွက်လျက် ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေး အရ အရေးကြီးသောဒေသ ဖြစ်ကြောင်း၊ ဒေသတွင်း ထွက်ရှိသည့် ထုတ်ကုန် ပစ္စည်းများကို ပြည်ပသို့ များများတင်ပို့နိုင်ရန် အတွက် ထုတ်ကုန်ပစ္စည်းများ ပိုမို ထုတ်လုပ်နိုင်ရန်နှင့် နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရန်အတွက် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ဆက်လက်ပြီး စစ်အာဏာသိမ်းခေါင်းဆောင်က ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များသည် နိုင်ငံတော် လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ် ဖြစ်ပြီး၊ နယ်မြေ တည်ငြိမ်အေးချမ်းအောင် တာဝန်ထမ်းဆောင် နေသည့် အဖွဲ့များဖြစ်သည့်အတွက် လေးစား အသိအမှတ်ပြုကြောင်းလည်း အာဏာသိမ်းခေါင်းဆောင်က ပြောဆိုသည်။
စစ်အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့များမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြသည်။
စစ်အာဏာသိမ်းခေါင်းဆောင် အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ် ဌာနတပ်ဖွဲ့ဝင်များကို ခေါ်ယူ တွေ့ဆုံခြင်းသည် အလွန်ပင် စိတ်ဝင်စားစရာ ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်များသည် စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဖြစ်သည့်အလျောက် ယခုလည်း ထိုပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးချရန်အတွက် ခေါ်ယူခြင်းသာ ဖြစ်ကြောင်း မူဆယ်မြို့ဒေသခံများက ပြောဆိုကြသည်။
မူဆယ်မြို့ အမျိုးသားတစ်ဦးက “ပြည်သူ့စစ်ဆိုတာ စစ်တပ်ရဲ့ လက်အောက်ကပဲလေ၊ ဒီဒေသမှာ ပြည်သူ့စစ်တွေ ကောင်းလား ဆိုးလားဆိုတာ လူတိုင်းသိတယ်။ စစ်တပ် အလိုကျနေတာ။ ပြည်သူတွေ ကောင်းကျိုးပေးတဲ့အဖွဲ့ မဟုတ်ဘူး။ တရားဝင် လက်မှတ်ရ ရာဇာဝတ်ဂိုဏ်းတွေပါပဲ” ဟု ပြောသည်။
အလားတူပင် သျှမ်းပြည်မြောက်ပိုင်းတွင် ကျင်လည်ကျက်စားနေသည့် ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးကို တရားဝင်ရောင်းချခြင်း၊ လောင်းကစားကို တရားဝင် ဖွင့်လှစ်ခြင်းတွင် ပါဝင်ပတ်သက်မှုများရှိ နေကြသည်ဟု ဒေသခံများက ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။