စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

By MPM 21 အောက်တိုဘာ, 2026 👁 64

အာဏာသိမ်းစစ်တပ်လက်အောက်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များဖိုရမ် (SEANF) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။



SEANF ၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့က MNHRC သည် အဖွဲ့၏ သတ်မှတ်ချက်များနှင့်အညီ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်သည့် အရည်အချင်းမရှိတော့ကြောင်း သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်သည် အောက်တိုဘာ ၁ ရက်တွင် ချမှတ်ခဲ့ပြီး ချက်ချင်းအကျိုးသက်ရောက်ကြောင်း SEANF က ဖော်ပြထားသည်။

MNHRC ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခွင့်ရှိမရှိ ပြန်လည်သုံးသပ်သည့်လုပ်ငန်းစဉ်ကို ဩဂုတ် ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်မချမီ MNHRC ကို စက်တင်ဘာ ၁ ရက်တွင် စာဖြင့်အသိပေးခဲ့ပြီး ပြန်လည်တုံ့ပြန်ခွင့်ပေးခဲ့သလို အောက်တိုဘာ ၁ ရက်တွင် အုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေးသို့လည်း တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

သို့သော် MNHRC က စက်တင်ဘာ ၂၄ ရက်တွင် စာတစ်စောင်ပေးပို့ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်တွင်လည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ အရည်အချင်းပြန်လည်စစ်ဆေးမှုကို လက်မခံကြောင်းနှင့် ယင်းလုပ်ငန်းစဉ်တွင် ပါဝင်ရန်မလိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတုံ့ပြန်ချက်များသည် ထောက်ပြထားသည့်အချက်များကို လုံလောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိဟု SEANF ဘုတ်အဖွဲ့က သတ်မှတ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမော-လက်စတေ နိုင်ငံတို့မှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက အများသဘောတူ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကြောင့် MNHRC သည် ယခုနှစ်ကျင်းပမည့် SEANF ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပါအဝင် ဖိုရမ်၏ အခြားအစည်းအဝေးများတွင်လည်း ပါဝင်ခွင့်မရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဆုံးဖြတ်ချက်ကြောင့် ၂၀၂၇ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခွင့်လည်း ဆုံးရှုံးသွားသည်။

SEANF ၏ စည်းမျဉ်းများအရ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုသည် အစိုးရအာဏာပိုင်များထံမှ လွတ်လပ်မှုရှိရမည့်အပြင် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များရှိပြီး နိုင်ငံတကာစံနှုန်းဖြစ်သည့် Paris Principles နှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။

သို့သော် MNHRC သည် အဆိုပါစံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း လုံလောက်သည့် သက်သေအထောက်အထား မပြနိုင်ခဲ့သဖြင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SEANF က ဆိုသည်။

တစ်ချိန်တည်းတွင် MNHRC အနေဖြင့် Paris Principles နှင့် ကိုက်ညီလာစေရန် ထင်ရှားသည့် ကြိုးပမ်းမှုများ ပြုလုပ်နိုင်ကြောင်း သက်သေပြနိုင်ပါက SEANF အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားနိုင်သေးကြောင်းလည်း ဖော်ပြထားသည်။

SEANF က ယင်းဆုံးဖြတ်ချက်ကို ၎င်းတို့၏ စည်းမျဉ်းများနှင့်အညီ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် သက်သေအထောက်အထားများအပေါ် အခြေခံကာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အဖွဲ့ဝင်အဖွဲ့အစည်းများသည် “A” အဆင့် အသိအမှတ်ပြုခံထားရသူများဖြစ်သဖြင့် ဖိုရမ်၏ ယုံကြည်စိတ်ချရမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အပြင် ဒေသတွင်း လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေးအတွက်လည်း တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နိရဉ္စရာ