ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး မြဝတီ အမှတ် (၂) တံတားနေရာ၌ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့် ဩဂုတ် ၂၄ ရက်နေ့ ညပိုင်းမှစ၍ ရောက်ရှိ တပ်စွဲထားခြင်းသည် ခံစစ်စခန်းအဖြစ် အသုံးပြုရန်ဖြစ်နိုင်သည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF)၊ တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သုံးသပ်ပြောသည်။
အဆိုပါ တံတား-၂ သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေသည့် တံတားဖြစ်ပြီး စစ်တပ်က ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့တွင် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဩဂုတ် ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲထားမှုအပေါ် BGF ဗျူဟာမှူး၊ ဗိုလ်မှူးချုပ် စောတင်ဝင်းက ယခုလိုပြောသည်။
“အဲဒီနေရာက သူတို့လုံခြုံရေးအတွက် နေရာကောင်းလဲဖြစ်တယ်။ အဲမှာ သူတို့သွားစုနေတာ တကယ်လို့ တစ်ခုခုဖြစ်ရင် သူတို့အတွက် လုံခြုံတယ်။ အဲဒီနေရာက တစ်ခြားနေရာထက်တောင် လုံခြုံတယ်။ ဘာဖြစ်လဲဆိုတော့ အရင်တစ်ခါတိုက်ပွဲဖြစ်တုန်းက သူတို့က အဲဒီနေရာမှာဘဲ သွားစုပြီးနေတယ်။ အခု အဲဒီနေရာက နောက်ဆုံး ခံစစ်နေရာအဖြစ် သူတို့ ထားတာပေါ့။ နေရာကောင်းတယ် တံတားတွေလည်းကာထားတယ် အထပ်လည်းများတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ တံတား ၂ ၌ တပ်စွဲထားသည့်တပ်ဖွဲ့သည် မြဝတီမြို့အဝင် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) မှဖြစ်ပြီး တချို့အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ကာ သုံးယောက်တစ်စုစီ နေရာယူထားသည်ဟု မြက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ (၂၇၅) တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားရာနှင့်ချီ ဖြည့်တင်းထားပြီး တပ်အနီးနေထိုင်သူများ သတိဖြင့် နေထိုင်နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“အခုက တံတား (၂) လဲပိတ်ထားတော့ တိုက်ပွဲဖြစ်လာမယ်ဆိုပြီး ပြောနေကြတယ်။ ပြီးတော့ မြဝတီက ၂၇၅ တပ်ရင်းထဲမှာ အင်အားတိုးထားတော့ ဆက်နေရမလား ရှောင်ရမလား အခု အနီးမှာနေတဲ့လူတွေကတော့ စိုးရိမ်နေရတာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် မြဝတီမြို့ တောင်ဘက်ရှိ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ချိန်တွင် ထိုင်းဘက်ထွက်ပြေးသွားသည့် တပ်သားများကိုလည်း ခလရ-၂၇၅ တပ်ရင်း၌ ပြန်လည်နေရာချထားပြီး အင်အားစုထားသည်ဟု မြဝတီမြို့နယ်ရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် – KNLA ဦးဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ချိန်က စစ်တပ်က အရပ်သားဝတ်စုံဝတ်ဆင်ပြီး အမှတ် (၂) တံတား အဆောက်အဦးဝင်းထဲသို့ နောက်ဆုတ်ကာ ခံစစ်အဖြစ် အသုံးပြုခဲ့ဘူးသည်။
ထိုအချိန်က မြဝတီမြို့နယ်ထဲသို့ စစ်တပ်က အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ကေအိုင်စီ