စစ်ကောင်စီက လက်နက်ကြီးထိသေဆုံးသူ၏မိသားစုဝင်များကို TNLA တပ်ပစ်လိုက်တာဟု ပြောဆိုနှစ်သိမ့်မှုပြု

By MPM 4 စက်တင်ဘာ, 2023 👁

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျည်ကျလို့ သေဆုံးသွားသည့် မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်က TNLA တပ်က ပစ်လိုက်တာဟု ပြောဆိုပြီး အရက်နှင့် ရွှေဖီဦးကော်ဖီထုတ်ပါ ပေးအပ်၍ လာရောက်နှစ်သိမ့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲ့ဒီလက်နက်ကြီးကျပြီး သေဆုံးမှုရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့။ ပြီးတော့ အဲ့ဒီ လက်နက်ကြီးက သူတို့ပစ်လိုက်တာ မဟုတ်ဘူးတဲ့၊ TNLA တပ်က ပစ်လိုက်တာလို့ ပြောသွားတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို ရွှေဖီဦး ကော်ဖီ ၃ ထုတ်၊ အရက် တစ်ပုလင်း၊ နို့ဆီ တစ်ဘူးပေးပြီး နှစ်သိမ့်သွားတယ်” ဟု ဖြစ်စဉ်ကိုပြောပြသည်။

နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် နမ့်ဖတ်ကာ၊ ဇီးဒဘန် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံအရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးကြောင့် သေဆုံးသွားသူ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများကို စက်တင်ဘာ ၃ ရက်နေ့၌ လာရောက် တွေ့ဆုံစဉ်တွင် စစ်ကောင်စီတပ်သားမှ “ အရင်ရက်က ကျနော်တို့ မအားလို့ မလာခဲ့ရတာပါ။ အခုလို ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါက ကျနော်တို့ ပစ်လိုက်တာ မဟုတ်ဘူး။ တပ်မတော်နဲ့ ပလောင်နဲ့တိုက်ပွဲကြား ထိပြီး သေဆုံးသွားတာ စိတ်မကောင်းဘူး” ဆိုပြီး ပြောဆိုရိုက်ကူးထားသည့် ရုပ်သံကို စစ်ကောင်စီဝါဒဖြန့် Telegram တွင် တင်ထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဝါဒဖြန့် Telegram ဖြစ်သည့် ပြည်သူ့စစ်ဆိုသည့် အကောင့်တွင်လည်း “ TNLA မှ KIA အဖွဲ့ကို မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ နမ့်ဖတ်ကာ၊ ကချင်အများစု နေထိုင်သည့် ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်” ဟု လူမျိုးရေးပဋိပက္ခဖြစ်ပွားစေသည့် အသုံးအနှုန်းများ သုံးစွဲဖော်ပြထားသည်ကို တွေ့ရသည်၊

စစ်ကောင်စီတပ်မှ ယင်းကဲ့သို့ ပြောဆိုမှုသည် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း နမ့်ဖတ်ကာ ဒေသခံအမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုသည်။

“သူတို့ (စစ်ကောင်စီ) တပ်က လုပ်တာကို မလုပ်ဘူးပြောတယ်။ နောက် ကချင်လူမျိုးအိမ်ကို TNLA က ပစ်လိုက်တာဆိုပြီး ပေါ်အောင် စစ်တပ်က လာပြီးနှစ်သိမ့်တယ်။ တမင်သက်သက် လူမျိုး ၂ ခုကြား မီးမွှေးနေတာပဲ။ ဒါက ဘယ်သူလုပ်တယ်၊ ဘယ်သူပစ်တယ်ဆို သိသာပါတယ်” ဟု အဆိုပါအမျိုးသား ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ ထိုသို့လက်ဆောင်ပေးပြီး နှစ်သိမ့်ပြောဆိုလာသော်လည်း နမ့်ဖတ်ကာ ဒေသခံများ အနေဖြင့် မကျေနပ်ကြောင်း ယင်းနမ့်ဖတ်ကာ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

“သူတို့ ပစ်တာကို မပစ်ဘူးလို့လိမ်တော့ ဘယ်လိုပြောရမလဲ။ သူတို့ စစ်သားအချင်းချင်း ပြည်သူမရှိတဲ့ နေရာမှာပစ်ပါ။ ဒီလို လက်နက်ကြီးတော့ လျှောက် ရမ်းမပစ်စေချင်ဘူး။ ဘာမှ မမှားတဲ့ ပြည်သူတွေ ဘယ်လောက်ပဲ လာနှစ်သိမ့်နှစ်သိမ့် မလိုချင်တော့ဘူး။ သူတို့ မျက်နှာကိုတောင် မမြင်ချင်တော့ဘူး။ ကျေနပ်ဖို့ မပြောနဲ့Ó ဟု ၎င်းက ပြောဆိုသည်။

PSLF/TNLA ၏ ပြန်ကြားရေးဌာနနှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က နမ့်ဖတ်ကာ၊ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီးဖြစ်ကြောင်း ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။