စစ်ကောင်စီက ဖားကန့်၊ ကသိုဏ်းတောင်တပ်စခန်းအား ပြန်တပ်စွဲထားပြီး တာမခန်-ဆိုင်းတောင်သွား လမ်းပိုင်းကိုဖြတ်တောက်

By MPM 17 ဩဂုတ်, 2023 👁

ကချင်ပြည်၊ ဖားကန့်ရှိ ကသိုဏ်းတောင်တပ်စခန်းအား စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားသည့်အပြင် တာမခန် – ဆိုင်းတောင်သွား လမ်းပိုင်းကိုလည်း ဖြတ်တောက်ထားသည်ဟု ဒေသခံတွေက ပြောသည်။

တာမခန်နှင့် နမ့်မှော်ကြားရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ ၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရသည်။

ယင်းသို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂ ရက် အကြာ ဩဂုတ်လ ၉ ရက်နေ့၌ စစ်ကောင်စီတပ်တွေက အင်အား အများအပြားနှင့် ပြန်လည်တိုက်ခိုက်ယူပြီး လက်ရှိတွင်လည်း တပ်စွဲတပ်ချထားသည့်အပြင် တာမခန်နှင့် ဆိုင်းတောင် သွားသည့်လမ်းပိုင်း ၂ နေရာကို ဖြတ်တောက်ပိတ်ပင်ထားတယ်လို့ ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ကသိုဏ်းတောင်တပ်စခန်း၌ လုံခြုံရေးအပြည့်ချထား၍ ပြန်ထိုင်နေပြီး ကသိုဏ်းတောင် လမ်းအတိုင်း တာမခန်- ဆိုင်းတောင် သွားလမ်းပိုင်းကို ပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာလို့ မရသေးကြောင်း တာမခန်ဒေသခံတစ်ဦးက အခုလိုပြောသည်။

“သွားလာရေးတော့ အဲ့ဒီ ကသိုဏ်းတောင် လမ်းအတိုင်းတော့ ဖြတ်သွားလာခွင့် မပေးသေးဘူး။ တာမခန် ကနေတော့ ကားစီး တခါတက်လာရင် ၅ စီးလောက် ၈ စီးလောက် စုပြီး တဖြတ်တဖြတ် ပေးသွားတယ်။ ဝှေခါ ဘက်ကနေ ကွေ့ဝိုက်ပြီး ဖားကန့်- ဆိုင်းတောင် ဘက်သွား၊ မိုးညှင်းဘက်ကသွား အဲ့လို ဝှေခါဘက်ကနေ ကွေ့ပြီးတော့ သွားလာနေတယ်” ဟု ၎င်းက ဆိုသည်။

ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်း၊ နမ့်မှော် စစ်ကောင်စီတပ်စခန်း၊ ဆယ်ဇင်း SNA (ရှမ်းနီအမျိုးသားများ တပ်မတော်) တပ်စခန်း စသည့် တပ်စခန်းများသည် KIA, PDF ပူးပေါင်းတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက်ရက်မှာပင် စစ်ကောင်စီဘက်က လက်နက်ကြီးများနဲ့ ပစ်ခတ်သည့်အပြင် လေယာဉ်ဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြန်ထိုင်နိုင်ဖို့ ကြိုးစားခဲ့တာဟု ဒေသခံများက ဆိုသည်။

တာမခန်ဒေသခံတစ်ဦးက “စစ်တပ်ကတော့ အရင်တိုင်း ပြန်ထိုင်နေပြီ။ KIA ကတော့ သူတို့အထိုင်ချဖို့ တိုက်ခိုက် တာတော့ မဟုတ်ဘူး။ KIA ဘက်က သိမ်းပြီး ထိုင်နေဖို့လည်း မလွယ်ဘူး။ လေယာဉ်နဲ့ လာတိုက်နေတာဆိုတော့ ခုတော့ နှစ်ဖက်စလုံး လှုပ်ရှားနေတာတော့ ရှိတယ်” ဟု ပြောသည်။

ကသိုဏ်းတောင်နဲ့ နမ့်မှော် တိုက်ပွဲများကြောင့် မှော်ရှန်၊ ဆိုင်းတောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသည့် နမ့်မှော်၊ ကောင်ဆန်၊ ကောင်းသော့၊ မှော်လခဲ စသည့် ကျေးရွာ ၄ ရွာက စစ်ရှောင် ဒေသခံပြည်သူ ၁ ထောင် ကျော် သည်လည်း တိုက်ပွဲအခြေအနေ ပြန်ငြိမ်ပြီဖြစ်တာကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှာပင် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။

သို့သော် ကသိုဏ်းတောင်အနီးတဝိုက်ရှိ ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ကျော်မှာ နေရပ်ပြန်လို့ မရသေးဘဲ မှော်ရှန်ခရစ်ယန် အသင်းတော် ဘုရားကျောင်းဝင်းမှာ ဆက်လက်ခိုလှုံ စစ်ရှောင်နေကြရသေးတယ်လို့ မှော်ရှန်က စစ်ရှောင်ကူညီနေသူတစ်ဦးက အခုလို ပြောသည်။

“မှော်ရှန်ဘုန်းကြီးကျောင်းက စစ်ရှောင်တွေတော့ အကုန်လုံး ပြန်သွားကြပြီ။ မှော်ရှန်ချင်း ဘုရားကျောင်းမှာ အယောက် ၁၀၀ ဝန်းကျင် ကျန်သေးတယ်။ သူတို့တွေကတော့ ပြန်လို့ မရသေးဘူး။ သူတို့က ကသိုဏ်းတောင်က ကျေးရွာပြည်သူတွေ ဖြစ်တယ်။ ဟိုဘက်ပြန်ရင်လည်း ဟိုဘက်မှာ ပြန်ပိတ်မိနေမှာ စိုးရတယ်။ ပြန်ထွက်မရ ဖြစ်နေတော့” ဟု အဆိုပါ စစ်ရှောင်ကူညီနေသူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကသိုဏ်းတောင်တွင် ပြန်လည်တပ်ချပြီး လုံခြုံရေးတင်းကြပ်ထားသလို KIA ဘက်ကလည်း ဘေးပတ်ဝန်းကျင်မှာပင် ဆက်လက်လှုပ်ရှားနေသေးတာကြောင့် အဆိုပါဒေသအနီးတဝိုက်က ဒေသခံများမှာ နေရပ်ပြန်လို့ မရသေးကြောင်း ပြောပါသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် KIO ဌာနချူပ်ရှိရာ နမ်ဆန်ယန်ဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းလှည့် သယ်ယူပို့ဆောင် ထိုးစစ်ဆင်နေစဉ်၊ ဖားကန့်ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်မဟာ ၉ တပ်ရင်း ၆ က သွားရောက်ပစ်ခတ် တိုက်ခိုက်နေတာနှင့် ပတ်သတ်ပြီး မြစ်ကြီးနားရှိ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုသည်။

“စစ်တပ်ဘက်က KIO ဌာနချုပ်ဘက် အင်အားပို့တာ အဆက်မပြတ် ဖြစ်နေတော့ အင်အားနှောက်နှေးဖို့ အခြားဘက်ကနေ ပစ်ခတ်တိုက်ခိုက်ပေးတဲ့သဘော ဖြစ်တယ်။ အလောဘွမ် လိုမျိုးမှာပဲ သိမ်းပြီး ပြန်ထိုင်လို့ ရမယ်။ ဘာလို့ KIA က သိမ်းပြီး ထိုင်လို့မရတာလဲဆိုတော့ လေယာဉ်ဗုံး ဘယ်လိုမှ ရှောင်လို့မရဘူးလေ။ ဒီလိုပဲ စစ်တပ် အင်အားကျအောင် လာလုပ်တဲ့သဘော ပြောလို့ရတယ်။ ဘာလို့ဆို အောက်ပိုင်း ရွှေကူ-ဗန်းမော် ဘက်ကနေလည်း သင်္ဘောတွေ ဆက်တိုက်တက်နေတော့ ဆိုးဆိုးရွားရွား ဖြစ်လာမှာစိုးလို့” ဟု အဆိုပါ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစပြီး စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIO ဌာနချုပ်ရှိရာ နမ်ဆန်ယန်ဘက်သို့ စစ်ကြောင်းများ အဖက်ဖက်မှ စစ်အင်အားများ ပို့ဆောင်နေတာကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။

KNG ပေးပို့သည်