နိုင်ငံတော်ဆူပှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်ဒေသခံ သုံးဦးအမှုကို ဩဂုတ်လ ၁၅ ရက်နေ့က အပြီးသတ်အမိန့် ချမှတ်ရန် ရုံးချိန်း ချိန်းဆိုခဲ့သော်လည်း အမိန့်မချဘဲ ထပ်မံရုံးချိန်း ရွှေ့ဆိုင်းလိုက်တာက ၅ လကျော် အထိ ရှိလာပြီဟု မိသားစုဝင်များက ပြောသည်။
တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း၊ ပန်းဖဲချောင်း ကျေးရွာမှ ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီးမောင်းသူ ဦးကျော်သန်းမောင် တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
တရားစွဲခံထားရသည့် ကိုဇော်မိုးထက်၏ ဖခင်က “အခုလို အမိန့်ချရမယ့်ဟာကို မချဘဲ ရုံးချိန်းပဲရွှေ့နေတာက အရမ်းနစ်နာတယ်။ အပြစ်မပေးရင် ပြန်လွှတ်ပေးပေါ့။ အခုက အခွင့်အရေးတွေ အရမ်းဆုံးရှုံးတယ်။ ဘယ်အချိန် ဆုံးဖြတ်ပြီး ဘယ်အချိန် အပြစ်ပေးမယ်ဆိုတာလည်း ခန့်မှန်းလို့ မရဘူး။ အမှုက တစ်နှစ်ကျော်လာပြီ။ အပြစ်မရှိတဲ့သားတစ်ယောက်ကို အချုပ်ခန်းထဲမြင်ရတာ သိပ်ခံစားရတယ်” ဟု ဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုသော ရုံးချိန်းသည် ၁၂ ကြိမ်မြောက် ရုံးချိန်းလည်း ဖြစ်ပြီး ထိုရုံးချိန်းတွင် ကျောက်တော်မြို့နယ်တရားရုံးက “တရားသူကြီး မရှိ” ဟု ဆိုကာ လာမည့် ဩဂုတ်လ ၂၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
“မိသားစုမှာ အိမ်ထောင်ဦးစီးမရှိတော့ ဘယ်လိုမှအဆင်မပြေဘူး။ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အစအရာအရာ အကုန်လုံးစိုးရိမ်နေရတယ်။ ကျမတို့မှာ အစစအရာရာ နစ်နာတယ်” ဟု တရားစွဲခံထားရသည့် ကိုဇော်ဝင်း၏ ဇနီးက ပြောသည်။
ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးအမှုကို အပြီးသတ် အမိန့်ချရန် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့တွင် ပထမအကြိမ် ရုံးချိန်းခဲ့သည်။ သို့သော် အမိန့်မချဘဲ ရုံးချိန်းကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သည်မှာ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ဆိုလျှင် ၅ လကျော် အထိ ကြာမြင့်လာပြီဟု မိသားစုဝင်များက ပြောဆိုသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကျောက်တော် ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရသည်။
ယင်းတို့အထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်း အပါအဝင် ကျောက်တော်ဒေသခံသုံးဦးမှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့် ရှိနေသည်။
ယင်းတို့အထဲမှ တချို့အမှုများတွင် သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာ ကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြ၍ ရုံးချိန်းရွှေ့ဆိုင်း နေခြင်းများရှိနေပြီး တချို့အမှုများမှာ တရားလိုနှင့် လိုပြသက်သေများ မရောက်ရှိသဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။