ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

By MPM 27 ဩဂုတ်, 2023 👁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ထိုင်း-မြန်မာ နယ်စပ်အနီး ဖြစ်ပွားခဲ့သော နှစ်ဖက်တပ် အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပကဖ အဖွဲ့က ပြောသည်။

သြဂုတ် ၂၄ ရက်နေ့ မနက် ၈ နာရီခန့်က တပ်အင်အား ၅၀ ကျော် ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ခမောက်ကြီး ကျေးရွာဘက်ကနေ မလိဝမ်းကျေးရွာထဲ ဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က မိုင်းဆွဲခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်က အထိနာသွားပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသော တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင် သွားပြီးနောက် ခမောက်ကြီး ကျေးရွာဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် သြဂုတ် ၂၃ ရက်နေ့ ကတည်းက ချောင်းဝကျေးရွာနေ ဒေသခံ ၁၀၀ ကျော်သည် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်များ အရ သိရသည်။

ကော့သောင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယခုအခါ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။