နှစ်ပတ်အတွင်း သတင်းမြင်ကွင်း

By MPM 20 မတ်, 2026 👁 2

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်အစိုးရ အဆင့်မြင်အရာများနှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မြစ်ကြီးနားလေဆိပ် ခရီးသည်တင်လေယာဉ် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO ၏ လုပ်ရပ် ဟုတ်၊ မဟုတ် မေးမြန်းခံခဲ့ရသလို အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးဖို့လည်း တရုတ်အစိုးရဘက်က အကြံပြုတိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် မတ်လအတွင်း တရုတ်အစိုးရအတွက် အ‌ရေးပါသည့်အစည်းအဝေးများ ကျင်းပမည်ဖြစ်သဖြင့် တရုတ်-မြန်မာ နှစ်ဖက်စလုံးမှ ပြည်သူများ၏ လုံခြုံ‌ရေးအတွက် နယ်စပ်ဒေသအတွင်း တိုက်ပွဲများ မဖော်ဆောင်ရန်လည်း KIO ကို ပြောဆိုခဲ့ပါသည်။

KIO ဘက်ကမူ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုသည် ၎င်းတို့၏လုပ်ရပ်မဟုတ်သလို လုပ်ဆောင်ရန်လည်း မူဝါဒမရှိကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။ အဆိုပါတွေ့ဆုံမှုအတွင်း KIO ၏ အခြားသ‌ဘောထားနှင့် တုံ့ပြန်မှုများကို မတွေ့ရသော်လည်း အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေးအတွက်မူ အဖွဲ့တစ်ဖွဲ့ချင်းတွေ့ဆုံမှုမျိုးကို လက်မခံတော့ကြောင်း KIO ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အတိအလင်း ပြောဆိုထားသည်။ တဆက်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စကားပြောလိုသည့် ဆန္ဒရှိသလားဟုလည်း စစ်အုပ်စုထံ မေးမြန်းထားသည်ဟု ၎င်းက ပြောပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စထရီဇာလာဇာရိုက မြန်မာ့အရေးနှင့်ပတ်သက်ပြီး သွားရောက်အစီရင်ခံတင်ပြခဲ့သည်။

မစ္စထရီဇာလာဇာရိုအနေဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အာဆီယံအကြား ရရှိထားသည့် ဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော်ရေး အာဆီယံ၏ ကြိုးပမ်းချက်များနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်းကို အလေးပေးတင်ပြခဲ့သည်ဟု ဆိုပါသည်။

တဆက်တည်းတွင် မြန်မာ့အရေးအတွက် မြန်မာများကိုယ်တိုင် ဦးဆောင်ဆုံးဖြတ်နိုင်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခု ပေါ်ထွန်းလာရေးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတဆင့် တိုးမြှင်ကူညီပေးဖို့ မစ္စထရီဇာလာဇာရိုက တိုက်တွန်းခဲ့သည်။

ဥရောပသမဂ္ဂ (EU) ကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အကျဉ်းသားများလွှတ်ပေးမှုနှင့် အမှုတွဲများပိတ်သိမ်းပေးမှုများကို ကြိုဆိုသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို ဆက်လက်ထောက်ခံကြောင်း မတ်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။