‘ဝ’ တပ်အတွက် မကြုံစဖူး တရုတ်ဖိအား

တရုတ်အစိုးရသည် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSP/UWSA) အပေါ် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်းအပါအဝင် ယခင်ကမကြုံဖူးခဲ့သည့် အရေးယူမှုများကို ပြုလုပ်ခြင်းဖြင့် ဖိအားပေးခဲ့သည့်အတွက် သေရေးရှင်ရေးဖြစ်နေကြောင်း ‘ဝ’ ပြည်သူ့အစိုးရ ဒုတိယဥက္ကဌဖြစ်သူ ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဝန်ခံပြောဆိုခဲ့သည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ခေါင်းဆောင်များနှင့် အစည်းအဝေးတွင် ဦးကျောက်ကော်အန်းက ပြောဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးအတွင်း ၎င်းတို့အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအတွက် မည်သည့်ထောက်ကူပံ့ပိုးမှုကိုမျှ ပြုလုပ်တော့မည်မဟုတ်ကြောင်းလည်း အသိပေးခဲ့သည်ဟု ဆိုပါသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်အစိုးရ ချမှတ်ထားသည့် မြန်မာပြည်မြောက်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခမဖြစ်စေရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံမှုမပြုရေး၊ ပြင်ပအင်အားစုများအား မြန်မာပြည်မြောက်ပိုင်းသို့ ဆွဲခေါ်မလာရေး စသည့် မူဝါဒများကို ဖောက်ဖျက်ခဲ့သည်ဟု တရုတ်အစိုးရက ယုံကြည်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်း မည်သည့်စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကိုမျှ သည်းခံတော့မည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် တော်လှန်ရေးအဖွဲ့အသီးသီးထံ စီးဆင်းနေသည့် စစ်လက်နက်ပစ္စည်းများ၊ ငွေးကြေးနှင့် သွားလာရေးလမ်းကြောင်း ထောက်ပံ့မှုများကအစ UWSP/UWSA မှ တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်အစိုးရဖက်မှ ဖိအားပေးပြောဆိုလာကြောင်း ဦးကျောက်ကော်အန်းက ပြောဆိုခဲ့သည်။ ၁
နယ်စစ်ဒေသရှိ ဒုက္ခသည်များအား အလုပ်ပေးမည့် ထိုင်းအစိုးရ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအလုပ်သမား သောင်းနှင့်ချီ နေရပ်ပြန်ပြီး အလုပ်သမားပြတ်လပ်မှုကြုံနေရသည့် ထိုင်းနိုင်ငံအနေဖြင့် ထိုပြဿနာကို ဖြေရှင်းရန်အတွက် မြန်မာနယ်စပ်ဒုက္ခသည်စခန်း (၉) ခုမှ အလုပ်သမားများအား ခေါ်ယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့်သူများကိုလည်း မှတ်ပုံတင်ပေးရန် အစီအစဉ်ရှိကြောင်း ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ၂
ထိုင်းအစိုးရ၏ စစ်ဘေးဒုက္ခသည်များ တရားဝင်အလုပ်လုပ်ခွင့်ပြုမှုအပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ကြိုဆိုခဲ့ပြီး ထိုင်းနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများကို လေးစားလိုက်နေကြောင်း ပြသသည့်အပြင် နိုင်ငံ၏ အနာဂတ်အတွက်လည်း မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း UNRCR ၏ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တမ်မီရှာ့ပ်က ဆိုပါသည်။ ၃
ထိုင်း-မြန်မာနယ်စပ်မူးယစ်ဆေးဝါးကုန်ကူးဖြန့်ဝေခြင်းကို ပူးပေါင်းကာကွယ်တားဆီးရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့ ဩဂုတ် ၁၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးမှုတွင် မူးယစ်ဆေးကာကွယ်တာဆီးရေး လုပ်ငန်းစဉ်များအပြင် မူးယစ်ဆေးထုတ်လုပ်ရာ၌ အသုံးပြုလေ့ရှိသည့် Alcohol acid ကုန်ကြမ်းများအား တားဆီးရန် ဆွေးနွေးခဲ့ကြပြီး လူကုန်ကူးမှုကိစ္စရပ်များကိုလည်း အတူတကွ ကာကွယ်တားဆီးရန် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် DKBA ဗျူဟာမှူးကြီး စောသရီးထူးက ပြောကြားခဲ့သည်။ ၄
ရိုဟင်ဂျာအရေး၊ ရိက္ခာအကြပ်အတည်းနှင့် ကုလထုတ်ပြန်ချက်

မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဘင်္ဂလားဒေ့ရှ်တွင် ရုန်းကန်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီရရှိရေး တွန်းအားပေးနိုင်ရန် မိတ်ဖက်နိုင်ငံအချို့ပါဝင်သော ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အကြောင်း အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်က ဆိုပါသည်။
လာမည့် ရက်သတ္တပတ်အတွင်း စေလွှတ်မည့် အဆိုပါ ပူးတွဲကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ ပါဝင်မည်ဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများ၊ ဒုက္ခသည်များအတွက် အကူအညီပေးရေးကိစ္စနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိရေးကိစ္စရပ်တို့သည့် ဦးစားပေးကိစ္စများဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါသည်။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုများ ပြင်းထန်လာပြီး ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်အများအပြားကို လက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ထုပ်ဝန်ပိုးကို စိုးရိမ်သည့်အကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့တွင် ရခိုင်ပြည်နယ်မှရိုဟင်ဂျာများ ထွက်ပြေးလာပြီး (၈) နှစ်အကြာတွင် ပြုလုပ်သည့် ရိုဟင်ဂျာအရေးဆွေးနွေးပွဲတွင် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာဘက်ကို နေရပ်ပြန်ရေးကိစ္စအတွက် နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီပေးရန် ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ် မူဟာမက်ယူနွတ်စ်က တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လူမျိုးရေးရှင်းလင်းမှုများကြုံတွေ့ခဲ့သည့် ရိုဟင်ဂျာများဘက်မှ တစ်ကမ္ဘာလုံးက ခိုင်ခိုင်မာမာရပ်တည်ပေးရန်နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် အာဏာသိမ်းမြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ပြန်သုံးသပ်ရန်လည်း ယူနွတ်စ်က တိုက်တွန်းခဲ့သည်။ ၆

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ၊ ပိတ်ဆို့တားဆီးမှုများအပြင် ရန်ပုံငွေမလုံလောက်မှုများကြောင့် ဆာလောင်မွတ်သိပ်မှုများနှင့် အာဟာရချို့တဲ့မှုများ တိုးလာနေပြီး လူသားချင်းစာနာမှုအကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လာမည့် (၆) လအတွင်း ရခိုင်ပြည်နယ်မှ လူပေါင်း ၂၇၀၀၀၀ ကို ကူညီနိုင်ရန်အတွက် အမေရိကန် ဒေါ်လာသန်း ၃၀ လိုအပ်နေပြီး ၎င်းအကျပ်အတည်းကို ချက်ချင်းမဖြေရှင်းနိုင်ပါက ကြီးမားသည့် ကပ်ဆိုးတခု ဖြစ်လာနိုင်သည်ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Dunford က သတိပေးခဲ့သည်။ ၇
မြန်မာနိုင်ငံတွင် လူမှုကူညီရေးလုပ်ဆောင်ပေးနေသော ပရဟိတသမားများနှင့် ၎င်းတို့ကူညီပေးနေသည့် ပြည်သူများကို ကာကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး မစ္စတာ မိုက်ကယ်ဒန်ဖို့ဒ်က ပြောကြားသည်။ လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ တိုက်ပွဲများနှင့် သဘာဝဘေးကြုံတွေ့နေသည့် နေရာများတွင် ပြည်သူများအတွက် လုံခြုံရေးနှင့် အကာအကွယ်ပေးရေး လိုအပ်နေပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အရပ်သားပြည်သူများအား မခွဲခြားဘဲ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်နေမှုများ တိုးပွားလာသည်ဟုလည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၈
အမှုဖွင့်ခံရသည့် တယ်လီနော
နော်ဝေ – မြန်မာကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ (Audun Aagre) က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အဖမ်းခံရမှုနှင့်ပါတ်သက်ပြီး တယ်လီနော-မြန်မာမှ တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာ အချက်အလက်များနှင့် ဖုန်းဟန်းဆက်တည်နေရာတို့ပါသော အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲထားသည်။
တယ်လီနောအနေဖြင့် ယခုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုကို မကျူးလွန်ရန် အခွင့်အရေးရှိခဲ့သော်လည်း ကျူးလွန်ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အတွက် တာဝန်ခံသင့်ကြောင်းလည်း မစ္စတာ အော်ဒွန်းက ရေးသားထားသည်။ တယ်လီနောအနေဖြင့် ဒေတာလွှဲပြောင်းပေးခဲ့ခြင်းအပေါ် နောင်တရခြင်းမရှိဘဲ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခဲ့ခြင်းသာဖြစ်ကြောင်း တယ်လီနောက နော်ဝေ ရေဒီယိုသတင်းဌာနဖြစ်သည့် NRK ကို ပြောသည်ဟု သိရှိရသည်။
Justice For Myanmar JFM နှင့် ICJ Norway တို့မှ တယ်လီနောမြန်မာအား အရေးယူပေးရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက နော်ဝေရဲတပ်ဖွဲ့ထံတွင် တိုင်ကြားချက် ဖွင့်လှစ်ထားကြောင်းနှင့် တယ်လီနောအနေဖြင့် နော်ဝေ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခဲ့ပါက တရားရုံးရှေ့မှောက်တွင် တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ၉

၁။ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်းအပါအဝင် တရုတ်က ယခင်မကြုံဖူးသည့် အရေးယူမှုများဖြင့် ဖိအားပေးခဲ့ဟု ‘ဝ’ တပ်ဖွဲ့ပြော၊ မဇ္ဈိမ၊ ၂၂ ဩဂုတ် ၂၀၂၅
၂။ မြန်မာနယ်စပ်ဒုက္ခသည်စခန်းများမှ အလုပ်သမားများ ခေါ်ယူမည်ဟု ထိုင်းအလုပ်သမားညွှန်မှူးပြော၊ DVB၊ ၁၄ သြဂုတ် ၂၀၂၅
၃။ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုမယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို UNHCR ကြိုဆို၊ လူထုနွေဦး ၂၇ သြဂုတ် ၂၀၂၅
၄။ ထိုင်းနှင့် DKBA နယ်စပ်တွင် မူးယစ်ဆေး ကာကွယ်တားဆီးရေး ဆွေးနွေး၊ ကေအိုင်စီ ၂၀ ဩဂုတ် ၂၀၂၅
၅။ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားမည်၊ DVB၊ ၁၃ သြဂုတ်လ ၂၀၂၅
၆။ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးကူညီဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ်တောင်းဆို၊ လူထုနွေဦး၊ ၂၆ သြဂုတ် ၂၀၂၅
၇။ ရခိုင်ပြည်နယ် စားနပ်ရိက္ခာလိုအပ်ချက် ကပ်ဆိုးအဖြစ် ပြောင်းလဲနိုင်ဟု WFP သတိပေး၊ DVB၊ ၁၃ သြဂုတ် ၂၀၂၅
၈။ ပရဟိတ သမားများနှင့် ၎င်းတို့ ကူညီပေးနေသည့် ပြည်သူများကို ကာကွယ်ပေးရန် ကုလပြော၊ ကေအိုင်စီ၊ ၂၃ ဩဂုတ် ၂၀၂၅
၉။ စစ်ကောင်စီကို ထောက်လှမ်းရေးစင်တာ ထောက်ပံ့မှုဖြင့် တယ်လီနောမြန်မာကို JFM နှင့် ICJ Norway တို့က အမှုဖွင့်ထား၊ Western News၊ ၂၈ ဩဂုတ် ၂၀၂၅