အမေရိကန်သမ္မတအပြောင်းအလဲကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရိုက်ခတ်မှုများရှိ…

By MPM 14 ဖေ‌ဖော်ဝါရီ, 2025 👁

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရိုက်ခတ်မှုများရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ပြည်တွင်းစစ်မီးများကြောင့် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့နေထိုင်ကြရသူများနှင့် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်မှုများကြောင့် ပြည်ပထွက်ခွာ တိမ်းရှောင်ကြရသူများအဖို့ ရတက်မအေးစရာ ဖြစ်လာခဲ့ပါသည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးနှင့် မီဒီယာလုပ်ငန်းများအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအတွက်လည်း အနည်းအများရိုက်ခတ်မှုရှိသည်ဟု ထောက်ပြပြောဆိုထားကြသည်ကို တွေ့ရှိရပါသည်။

သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်များခေါ်ယူသည့်အစီအစဉ်အား ဆိုင်းငံ့လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုမှ ဒုက္ခသည်ဦးရေ တစ်သောင်းဝန်းကျင်ခန့်သည် ၎င်းတို့၏ လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြရပါသည်။

သမ္မတဒေါ်နယ်ထရမ့်သည် မြန်မာအပါအဝင် နိုင်ငံအသီးသီးမှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ သန်းအား ပယ်ဖျက်လိုက်ခြင်းဖြစ်ပါသည်။ ယင်းသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အမေရိကန်သို့ တရားဝင်ခိုလှုံခွင့်ဖြင့် ရောက်ရှိလာသူများကို နေရာချထားပေးရေး လုပ်ဆောင်နေသည့် နယူးဟဲဗန်း ဒုက္ခသည်နေရာချထားရေး ဝန်ဆောင်မှုအေဂျင်စီ (IRIS) မှ အရေးပေါ်အလှူရှင်များ ရှာဖွေနေရပြီး လက်ရှိတွင်လည်း အမေရိကန်သို့ မြန်မာအပါအဝင် ကွန်ဂို၊ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ ဆီးရီးယားနှင့် ဆူဒန်တို့မှ ဒုက္ခသည် ၂၀ဝ ဦးခန့် ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် ၎င်းတို့အား ဆက်လက်ကူညီသွားနိုင်ရန် IRIS ကြိုးပမ်းနေသည်ဟု ပြောဆိုထားပါသည်။ 1

ထို့ပြင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ ထောက်ပံ့ခြင်းအစီအစဉ်များကိုလည်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နှင့် အမေရိကန်အစိုးရက အကူအညီပေးထားသည့် ထိုင်း – မြန်မာ နယ်စပ်အခြေစိုက် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် သက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းအချို့နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း – NGO များ အနေဖြင့် ၎င်းတို့ အကူအညီပေးရေးလုပ်ငန်းအချို့ကို ရပ်ဆိုင်းလိုက်ကြရသည်ကို တွေ့ရှိရပါသည်။ 2

ထိုင်း – မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများဖြစ်သော မယ်လစခန်း၊ အုန်းဖျန်စခန်း၊ နို့ဖိုး အပါအဝင် စစ်ဘေးဒုက္ခသည်စခန်းများတွင် ကူညီထောက်ပံ့နေသည့် International Rescue Committee (IRC) ၏ ကျန်းမာရေးအပါအဝင် ကဏ္ဍသုံးခုအတွက် ဝန်ဆောင်မှုများ ရုတ်တရက်ရပ်တန့်သွားခဲ့ပါသည်။ ယင်းသို့ ရပ်တန့်ခဲ့ခြင်းကြောင့် ဆေးရုံတက်နေသူများအား ဆေးရုံဆင်းခိုင်းပြီး၊ ဆေးခန်းရက်ချိန်းလာသူများကိုလည်း လှည့်ပြန်ခိုင်းကြောင်းနှင့် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ အခက်အခဲနှင့် ရင်ဆိုင်ကြရသည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပါသည်။ 3

ထိုသို့ အမေရိကန်အစိုးရ၏ ထောက်ပံ့မှုအပေါ် မှီခိုကြရသည့်အထဲတွင် မြန်မာနိုင်ငံမှ သတင်းမီဒီယာများလည်းပါဝင်ပြီး၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှ ထောက်ပံ့သည့် အစီအစဉ်များ ရပ်တန့်ခြင်းကြောင့် သက်ရောက်မှုကြီးနိုင်ကာ အထူးသဖြင့် ပြည်ပမှ လုပ်ကိုင်နေရသည့် မြန်မာသတင်းမီဒီယာများအတွက် အမေရိကန်အစိုးရ၏ အကူအညီများအပေါ် အဓိကမှီခိုနေကြရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) က ဆိုထားပါသည်။ 4

1 အမေရိကန်ရောက် ဒုက္ခသည်များ နေရာချထားရေး ရန်ပုံငွေ ဒေါ်လာ ၄ သန်း ပယ်ဖျက်ခံရ၍ အလှူရှင်များ ရှာဖွေနေ၊ KIC၊ ၂၈ ဇန်နဝါရီလ ၂၀၂၅။
2 ထရမ့်အစိုးရ၏ ရန်ပုံငွေရပ်ဆိုင်းမှု လူသားချင်းစာနာထောက်ထားခြင်းအကူအညီအပေါ် သက်ရောက်မှုများ၊ KIC၊ ၂၈ ဇန်နဝါရီလ ၂၀၂၅။
3 အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်၊ RFA၊ ၂၉ ဇန်နဝါရီလ ၂၀၂၅။
4 အမေရိကန် ပြည်ပထောက်ပံ့ရေးအစီအစဉ်ဆိုင်းငံ့မှု မြန်မာနိုင်ငံကို ဂယက်ကြီးစွာ ရိုက်ခတ်နိုင်၊ RFA၊ ၂၅ ဇန်နဝါရီလ ၂၀၂၅။