
မြန်မာစစ်တပ်က ဖောဖောသီသီအသုံးပြုနေသည့် ဝေဟင်သုံးဗုံးများထုတ်လုပ်နိုင်ရန် လိုအပ်သည့် စစ်လက်နက်အစိတ်အပိုင်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာများကို တရုတ်အစိုးရပိုင်ကုမ္ပဏီများက ပံ့ပိုးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ “သေမင်းတမန်စက်ရုံ – စစ်တပ်၏ ဝေဟင်သုံးဗုံးများ ထုတ်လုပ်မှုများအတွက် တရုတ်၏ ပံ့ပိုးမှု” အမည်ရှိ အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် China South Industries Group Corporation (China South) သည် ၎င်း၏လက်အောက်ခံ Hunan Vanguard မှတဆင့် မြန်မာစစ်တပ်အား ဝေဟင်သုံးဗုံးများ ထုတ်လုပ်နိုင်ရန် ပံ့ပိုးနေကြောင်း ဖော်ထုတ်ထားသည်။
အဆိုပါ ပံ့ပိုးမှုများသည် အရပ်သားများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် မြန်မာစစ်တပ်၏ ဝေဟင်သုံးဗုံးအများစုကို ထုတ်လုပ်သည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၂၁) လည်ပတ်မှုအတွက် အလွန်အရေးပါသည်ဟု ဖော်ပြထားသည်။ China South အဆိုပါ ပံ့ပိုးမှုများကြောင့် စစ်ကောင်စီကျူးလွန်နေသည့် ရာဇတ်ဝတ်မှုများတွင် ကြံရာပါဖြစ်လာနိုင်ကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအနေဖြင့် မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်မှုနှင့်ဆက်စပ်သည့် ပံ့ပိုးမှုများအားလုံးကို ရပ်တန့်ရန်နှင့် အဆိုပါကုမ္ပဏီများကို တရားစွဲဆိုအရေးယူရန် တိုက်တွန်းထားသည်။ 1
အိန္ဒိယအစိုးရသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR India) ထံမှရရှိသည့် အချက်အလက်များကို အသုံးချ၍ မြန်မာနိုင်ငံသား ၂၆၀ ကျော်ကို နိုင်ငံခြားသားဥပဒေနှင့် ဖမ်းဆီးထားသည်ဟု အရပ်ဘက်အဖွဲ့ ၁၄၁ ဖွဲ့က ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အိန္ဒိယအာဏာပိုင်များသည် ဖမ်းဆီးထားသည့် လူပေါင်း ၁၃၄ ယောက်အား မြန်မာစစ်ကောင်စီထံ ပြန်ပို့ခဲ့သည်။ ပြန်ပို့ခံရသူများအနက် ၃၄ ယောက်မှာ စစ်ကောင်စီထံတွင် ဆက်လက်ဖမ်းဆီးခံထားရပြီး ၁၂၅ ယောက်မှာ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထိန်းသိမ်းခံထားရကြောင်း အရပ်ဘက်အဖွဲအစည်းများက ဆိုသည်။ 2
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) သည် ၂၀၂၇ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယဆိပ်ကမ်းများ၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီး Sarbananda Sonowal က ဇူလိုင်၇ ရက်နေ့က ပြောကြားခဲ့သည်။ ထူးခြားသည်မှာ အိန္ဒိယဝန်ကြီးသည် လက်ရှိ ကုလားတန်မြစ်ကြောင်းတစ်လျှောက်နှင့် ရခိုင်တပြည်လုံးနီးပါး တိုက်ခိုက်သိမ်းယူထားသည့် အာရက္ခတပ်တော် (AA) နှင့်ဆက်စပ်သည့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကိစ္စများကို ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။ 3

အိန္ဒိယစစ်တပ်သည် စစ်ကိုင်းတိုင်း၊ နာဂဒေသအတွင်းရှိ အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) ဌာနချုပ်ကို ဒရုန်းများဖြင့် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ULFA ထိပ်တန်းခေါင်းဆောင် ၃ ဦးသေဆုံးကာ တပ်ဖွဲ့ဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်မှုမရှိကြောင်း ULFA ၏ ပြောကြားချက်ကို အိန္ဒိယစစ်တပ်က ငြင်းဆိုထားသည်။ 4
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်ခေါ်ယူမည့် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အာဆီယံက ထောက်ခံကြောင်း အာဆီယံထိပ်သီးသံတမန်များက မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့၌ ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ရခိုင်ပြည်အတွင်း လူမှုအသိုက်အဝန်းအားလုံး၏ လုံခြုံရေးအတွက် နေရပ်စွန့်ခွာ မွတ်ဆလင်များ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးကို ဆက်လက်ပံ့ပိုးပေးမည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။ 5
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့သည့် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူညီချက်တွင် မြန်မာရွေးကောက်ပွဲကျင်းပရေးကိစ္စ ပါဝင်ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရေးအစား ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာသင့်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဇူလိုင် ၁၁ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။ 6
ထရမ့်အစိုးရသည် အမေရိကန်ပြည်ထောင်စုတွင် အကျဉ်းကျခံနေရသည့် မြန်မာနှစ်ဦးအပါအဝင် ရာဇဝတ်သား ၈ ဦးကို ဂျီဘူတီနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွင် သီတင်းပတ်များစွာ ထိန်းသိမ်းထားခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် တောင်ဆူဒန်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ တောင်ဆူဒန်နိုင်ငံသည် လက်ရှိ၌ စစ်ပွဲကြောင့် အကြီးအကျယ် ပျက်စီးနေသောနိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်တိုင် နိုင်ငံသားများအား ခရီးမသွားကြရန် တိုက်တွန်းထားသည့် နိုင်ငံလည်းဖြစ်သည်။ 7
အမေရိကန်နိုင်ငံသို့ တင်ပို့သည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး အခွန်ရှောင်လျှင် ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာစစ်ကောင်စီကို စာပို့အကြောင်းကြားခဲ့သည်။ မြန်မာအပါအဝင် နိုင်ငံအချို့က ကုမ္ပဏီများအနေဖြင့် အမေရိကန်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်ပါက မည်သည့်အခွန်မှ ကောက်ခံသွားမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။ 8
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်လာသဖြင့် နှစ်ဖက်ကုန်သွယ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ဇူလိုင်လဆန်းပိုင်းမှစ၍ ကုန်သွယ်ရေးဂိတ်များတွင် လုံခြုံရေးတင်းကျပ်ခြင်း၊ ရခိုင်ဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရခိုင်ဘက်သို့ တင်ပို့မည့် ကုန်များကိုလည်း ပိတ်ပင်ခြင်း ပြုလုပ်ခဲ့သည်။ 9
မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကူလသမဂ္ဂလူဦးရေနှင့် ရန်ပုံငွေအဖွဲ့ (UNFPA) မှတဆင့် ဒေါ်လာ ၄ သန်းကူညီမည်ဟု သြစတြေးလျအစိုးရက ဇူလိုင် ၁၀ နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအကူအညီများကို ကျန်းမာရေး၊ ကျား-မ အခြေပြုအကြမ်းဖက်မှု၊ စိတ်ကျန်းမာရေးကဏ္ဍများတွင် အသုံးပြုသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 10
1. China’s support for the Myanmar military’s production of aerial bombs, SAC-M, ၁၆ ဇူလိုင် ၂၀၂၅
2. အိန္ဒိယအစိုးရက UNHCR မှရရှိသည့် အချက်အလက်များဖြင့် မြန်မာ ၂၆၀ ကျော်ကို ဖမ်းဆီးဟု အရပ်ဖက်အဖွဲ့များ ထုတ်ပြန်၊ DVB၊ ၄ ဇူလိုင် ၂၀၂၅
3. ကုလားတန်မြစ်ကြောင်း စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်မည်ဟုအိန္ဒိယဝန်ကြီးပြော၊ Narinjara၊ ၉ ဇူလိုင် ၂၀၂၅
4. အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား၊ DMG၊ ၁၄ ဇူလိုင် ၂၀၂၅
5. မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေး မြန်မာကြိုးပမ်းမှုကို အာဆီယံက ထောက်ခံကြောင်း ထပ်လောင်းပြောကြား၊ Western News၊ ၁၂ ဇူလိုင် ၂၀၂၅
6. မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံပြော၊ DMG၊ ၁၁ ဇူလိုင် ၂၀၂၅
7. မြန်မာနှစ်ဦးအပါအဝင် အမေရိကန်တွင် အကျဉ်းကျခံနေရသူ ၈ ဦး တောင်ဆူဒန်သို့ အပို့ခံရ၊ DMG၊ ၇ ဇူလိုင် ၂၀၂၅
8. မြန်မာပို့ကုန်များကို အမေရိကန်က အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်၊ Western News၊ ၈ ဇူလိုင် ၂၀၂၅
9. ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်၊ DMG၊ ၁၂ ဇူလိုင် ၂၀၂၅
10. မြန်မာနိုင်ငံက နေရပ်စွန့်ခွာအမျိုးသမီးများအတွက် သြစတြေးလျက ဒေါ်လာ ၄ သန်းကူညီမည်၊ DVB၊ ၁၀ ဇူလိုင် ၂၀၂၅