ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၏ ခေါင်းဆောင်လည်းဖြစ် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုတိယ ဥက္ကဌ (၁) တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က နွေဦးတော်လှန်ရေးကာလအတွင်း KIO/KIA ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင်မှုအခြေအနေများ၊ အနာဂတ်မျှော်မှန်းချက်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင်ပြုလုပ်သော (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။
စစ်အာဏာသိမ်းမှုစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင်ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးမှတဆင့် KIO/KIA အနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ KIO ပါဝင်သော ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အကြား လက်မှတ်ရေးထိုးချုပ်ဆိုထားသည့် ကြားကာလသဘောတူညီချက်များသည်လည်း ကြားကာလပြီးဆုံးသည်အထိ အကျုံးဝင်ကြောင်းနှင့် ကြားကာလကို ပြည်ထောင်စုတွင် ခိုင်မာသည့် အစိုးရတရပ် ပေါ်ပေါက်လာသည့်အချိန်အထိ သတ်မှတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ရှင်းပြသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် KIO အကြား (NUG+K3C) အွန်လိုင်းမှတဆင့် တွေ့ဆုံမှုများရှိနေပြီး ပြန်လည်ပေါင်းစည်းရေး၊ ပြည်လည်စုဖွဲ့ရေးနှင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း ၎င်းကပြောပါသည်။ တဆက်တည်းတွင် တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲလုပ်ဆောင်နေသည့်အတွက် အာဏာသိမ်းစစ်တပ်အနေဖြင့် တွေ့ဆုံဆွေးနွေးလိုပါက KIO တစ်ဖွဲ့တည်းနှင့် မပြီးနိုင်တော့ကြောင်း သတင်းစကားဆိုထားသလို NUG နှင့် စကားပြောဖို့ ဆန္ဒရှိသလားဟုလည်း စစ်အုပ်စုကို မေးခွန်းထုတ်ထားသည်ဟု ဆိုပါသည်။ တစ်ဖွဲ့ချင်းစီနှင့် စကားပြောသည့်ပုံစံမျိုးကို KIO အနေဖြင့် လက်မခံတော့ကြောင်းကိုလည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအားလုံးကို အသိပေးထားသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ဆိုပါသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ပွဲခိုက်မှုများအား အီရန်၏ အရိပ်တစ္ဆေသင်္ဘောများက လောင်စာဖြည့်ပေးနေဟူသော ရိုက်တာသတင်းဌာန၏ စုံစမ်းထောက်လှမ်းသတင်းဆောင်းပါကို အကြောင်းပြုပြီး အမေရိကန်ရီပတ်ဘလစ်ကန်ပါတီမှ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က တရုတ်နှင့် အီရန်အစိုးရများသည် ၎င်းတို့အနှစ်သက်ဆုံး ဖိနှိပ်ချုပ်ချယ်မှုပုံစံမျိုးစုံအတွက် စမ်းသပ်ရာ ကစားကွင်းသဖွယ် မြန်မာနိုင်ငံကို ပြုမူဆက်ဆံနေကြောင်း ထောက်ပြထားပါသည်။
မစ်ချ်မက်ကောနဲလ်သည် ရီပတ်ဘလစ်ကန်ပါတီ၏ အထက်လွှတ်တော်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်သူဖြစ်ကာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်ခြင်းကို ထောက်ခံအားပေးသူဖြစ်သည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့၏ ဒေသဆိုင်ရာသုတေသန ဒါရိုက်တာ မွန့်စ်ဖာရာကတော့ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများရှိနေသည့်တိုင် မြန်မာစစ်အုပ်စု၏ နိုင်ငံအတွင်း လေယာဉ်ဆီတင်သွင်းမှုသည် မြင့်တက်နေပြီး အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပိုတိုးလာနေကြောင်း ရိုက်တာသတင်းဌာနကို ဆိုထားပါသည်။ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု၏ လေယာဉ်ဆီတင်သွင်းမှုသည် မက်ထရစ်တန် တစ်သိန်းကျော် (၁၀၉၆၀၄ တန်) အထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း တင်သွင်းမှုထက် (၆၉) ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ဆိုပါသည်။ ၂၀၂၄ ဇူလိုင်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီ အကြိမ်ကြိမ်ဝင်ရောက်မှုတို့ကို ခြေရာခံနိုင်ခဲ့ရာ အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့ခံထားရသည့် အီရန်သင်္ဘောနှစ်စင်းဖြင့် တင်သွင်းမှုလည်း ပါဝင်နေပါသည်။