စစ်အုပ်စု၏ အရပ်သားများအပေါ် တိုက်ခိုက်မှုနှင့် မီဒီယာဖိနှိပ်မှုများကို ဗြိတိန် ရှုတ်ချ

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ကလေးငယ်များအပါအဝင် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို ယူကေအစိုးရအနေဖြင့် ရှုတ်ချကြောင်း ရန်ကုန်ရှိ ဗြိတိသျှသံရုံး အကြီးအကဲ မစ္စတာအင်ဒရူးဂျက်ဆန်က အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာစစ်အုပ်စု၏ လုပ်ရပ်များမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းပြီး ကလေးသူငယ်အခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဗြိတိန်အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများအားလုံးအတွက် တာဝန်ခံမှုရှိစေရန် မြန်မာစစ်အုပ်စုကို ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်မျှော်မှန်းချက်အတွက် ဆက်လက်ပံ့ပိုးနိုင်မည့် နည်းလမ်းများကို လေ့လာသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ [1]
နိုဝင်ဘာ ၂ ရက်နေ့တွင် ကျရောက်သည့် သတင်းထောက်များအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့တွင် ယူကေအစိုးရက မြန်မာနိုင်ငံမှ သတင်းသမားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဖမ်းဆီးအကျဉ်းချမှု အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ ၇ ဦး အသတ်ခံခဲ့ရကြောင်း ယူကေက ထောက်ပြသည်။ လက်ရှိအချိန်အထိ အနည်းဆုံး သတင်းသမား ၅၁ ယောက် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ offline နှင့် online နှစ်မျိုးလုံးတွင် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသည့် အမျိုးသမီးသတင်းထောက်များကို အထူးဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။ ဗြိတိန်အစိုးရက မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချကာ၊ ကန့်သတ်ချုပ်ချယ်သူများကို အရေးယူဆောင်ရွက်မည်ဟု ယုံကြည်ပြီး၊ မြန်မာနိုင်ငံနှင့် ကမ္ဘာတဝန်းမှ သတင်းသမားများ၏ ဘေးကင်းလုံခြုံရေးအတွက် အကူအညီများကို ဆက်လက်ထောက်ပံ့သွားမည်ဟု ကတိပြုခဲ့သည်။ [2]
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံရန် အာဆီယံကို ကုလတိုက်တွန်း

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ မဟာဗျူဟာသည် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၌ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေမည့် စစ်အုပ်စု၏ လှည့်ဖျားသော ရွေးကောက်ပွဲအစီအစဉ်များကို ပြတ်ပြတ်သားသားပယ်ချရန်လည်း ကုလအထူးကိုယ်စားလှယ်က အာဆီယံခေါင်းဆောင်များကို တွန်းတိုက်ခဲ့သည်။
စစ်အုပ်စုသည် လက်မှတ်ရေးထိုးချိန်မှစ၍ ယခုအချိန်ထိ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို မထီမဲ့မြင်ပြုကာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ချုပ်နှောင်ထားခြင်း၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လနေသော်လည်း ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် အာဆီယံ၏ အသိအမှတ်ပြုမှု ရယူလိုနေကြောင်း ကုလအထူးကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ [3]
တဆက်တည်းတွင် စစ်အာဏာသိမ်းမှုသည် မြန်မာပြည်သူများအတွက် ကပ်ဘေးကျစေရုံမျှမက ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေသဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် အရပ်သားအုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းကိုရှာဖွေရန်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က အောက်တိုဘာ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။ [4]
မြန်မာ့ငြိမ်းချမ်းရေး မြန်မာဦးဆောင်ရေး အာဆီယံဆက်လက်တိုက်တွန်း

မြန်မာ့ပဋိပက္ခနှင့်စပ်လျဉ်း၍ ဘုံသဘောတူညီချက် (၅) ရပ်အရ အာဆီယံအနေဖြင့် အကြမ်းဖက်မှုများ လျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းလျှော့ချရန် ရရှိနိုင်သမျှ လမ်းကြောင်းများ၊ မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်လျှက်ရှိသော်လည်း ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအတွက် အတင်းအကျပ်ပြဋ္ဌာန်း၍မရကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၂၆ ရက် ကွာလာလာမ်ပူတွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာ့ငြိမ်းချမ်းရေးသည် ‘မြန်မာပိုင်၊ မြန်မာဦးဆောင်မှု’ သာဖြစ်ရမည်ဟုလည်း လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌက ဆိုပါသည်။ [5]
အောက်တိုဘာ ၂၇ ရက်၊ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့တွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင်တော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေမှုအတွင်း အာဆီယံအနေဖြင့် ဒေသတွင်းကိစ္စရပ်များကို ဖြေရှင်းရာတွင် အကြပ်ကိုင်ခြင်းထက် တွေ့ဆုံဆွေးနွေးခြင်း၊ တဖက်စောင်းနင်းလုပ်ဆောင်ခြင်းထက် ဟန်ချက်ညီမျှစွာလုပ်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အီဘရာဟင်က ဒေသတွင်းခေါင်းဆောင်များကို ပြောဆိုခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်ရန်လည်း တိုက်တွန်းခဲ့သည်။ [6]
အာဆီယံဥက္ကဌသစ်ဖြစ်လာမည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကတော့ မြန်မာနိုင်ငံ၏အရေးကို “အာဆီယံ၏ မကျက်သေးသောဒဏ်ရာ” ဟု ရည်ညွှန်းပြောဆိုသွားခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာဖြစ်ပွားနေသည့် ပဋိပက္ခအကျပ်အတည်းအတွက် ငြိမ်းချမ်းပြီးရေရှည်တည်တံ့သော ဖြေရှင်းချက်တရပ်ရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း အောက်တိုဘာလ ၂၈ ရက်နေ့၊ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောဆိုခဲ့သည်။ [7]
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး ပြင်သစ်သမ္မတ တောင်းဆို

ပြင်သစ်သမ္မတ အေမန်နျူယယ်မက်ခရွန်သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်) ထံ အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် စာတစ်တစောင်ပေးပို့ခဲ့သည်။ [8]
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်အတွက် စာထဲတွင် ရေးသားတောင်းဆိုထားသည်။
မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေယိုယွင်းလာမှုနှင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အခက်အခဲများကို သားဖြစ်သူ ပြောပြ၍သိရသည့်အတွက် အလွန်စိုးရိမ်မိကြောင်းလည်း စာထဲတွင် ဖော်ပြထားသည်။
[1] စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုများအပေါ် ဗြိတိသျှသံရုံးအကြီးအကဲ ရှုတ်ချ၊ မဇ္ဈိမ၊ ၂၃ အောက်တိုဘာ ၂၀၂၅
[2] သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး နိုင်ငံတကာနေ့၊ DVB၊ ၂ နိုဝင်ဘာ ၂၀၂၅
[3] ‘အတုအယောင်ရွေးကောက်ပွဲ’ကို အာဆီယံက ပြတ်ပြတ်သားသား ပယ်ချရန် တွမ်အင်ဒရူးစ် သတိပေး၊ မဇ္ဈိမ၊ ၂၃ အောက်တိုဘာ ၂၀၂၅
[4] မြန်မာပြည်မှ ‘အံ့သြတုန်လှုပ်ဖွယ်’ အကြမ်းဖက်မှု အဆုံးသတ်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို၊DMG၊ ၂၈ အောက်တိုဘာ ၂၀၂၅
[5] အာဆီယံထိပ်သီးအစည်းအဝေး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဖွင့်လှစ်၊ DVB၊ ၂၆ အောက်တိုဘာ ၂၀၂၅
[6] အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၌ မြန်မာ့ပဋိပက္ခအရေး ဆွေးနွေး၊DVB၊ ၂၈ အောက်တိုဘာ ၂၀၂၅
[7] မြန်မာ့အရေးဆက်လက်ကြိုးပမ်းဖြေရှင်းရန် အာဆီယံ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ဖိလစ်ပိုင် ကတိပြု၊ DVB၊ ၃၀ အောက်တိုဘာ ၂၀၂၅
[8] ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ နိုင်ကျဥ်းအားလုံးလွှတ်ပေးရန်တောင်းဆို၊ လူထုနွေဦး၊ ၅ နိုဝင်ဘာ ၂၀၂၅