
အာဆီယံ၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်း
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန် လျာထားခဲ့သော်လည်း အဆိုပါခရီးစဉ်ကို အောက်တိုဘာလဆန်းတွင် ရွှေ့ဆိုင်းခဲ့သည်။ ခရီးစဉ်ရွှေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းကိုမူ မစ္စတာဟာဆန်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ 3
မြန်မာစစ်အုပ်စုက ကျင်းပပေးမည့်ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုသည့် အတုအယောင်အဆင့်သာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံခရီးစဉ်သည်လည်း အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုသည့် အဓိပ္ပါယ်မျိုးသက်ရောက်သွားနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီအင်အားစုများက ဝေဖန်သတိပေးထားကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အာဆီယံသည် မြန်မာ့ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မြန်မာပြည်သူလူထုဦးဆောင်သည့် လုပ်ငန်းစဉ်မျိုးကို ထောက်ခံရမှာဖြစ်ပြီး စစ်အုပ်စုဖန်တီးထားသည့် အတုယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း မပြုသင့်ကြောင်း ဆိုပါသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာပြည်သူလူထု၏ ရွေးကောက်ခံခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံ ဝင်ရောက်ခွင့်တောင်းဆိုရန် တာဝန်ဝတ္တရားရှိသည်ဟုလည်း ဒေါက်တာဆာဆာက ပြောပါသည်။
AA နှင့် BGB အပြန်အလှန်ယိုးစွပ်နေကြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့သည် အာရက္ခတပ်တော် (AA) ထံမှ မူးယစ်ဆေးဝါးများဝယ်ယူပြီး နိုင်ငံတွင်းသို့ တင်သွင်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ၏ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မိုဟီဒင်းအာမက်၏ ပြောဆိုမှုနှင့်ပါတ်သက်ပြီး AA ပြောခွင့်ရဦးခိုင်သုခက အဆိုပါကိစ္စသည် တစ်ဖက်သတ် လုပ်ကြံစွပ်စွဲချက်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားပါသည်။ 4
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အား AA မှ ထိန်းချုပ်ပြီးနောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းများအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း ဦးခိုင်သုခက ဆိုပါသည်။ ဘူးသီးတောင်နှင့် မောင်တောဒေသများအား မြန်မာအာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်စဉ်ကာလများအတွင်း စစ်အုပ်စုနှင့် BGB တပ်ဖွဲ့ဝင်များသည် မူးယစ်လုပ်ငန်းများနှင့်ပတ်သက်ပြီး အကျိုးစီးပွားရှိနေခဲ့ကြပြီး အဆိုပါအကျိုးစီးပွားများ ပြိုပျက်သွားသည့်အတွက် AA အပေါ် နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်လာခြင်းသာဖြစ်ကြောင်း ဦးခိုင်သုခက ပြောပါသည်။
ထို့အပြင် BGB အနေဖြင့် ဒုက္ခသည်စခန်းအတွင်းရှိ မူဆလင်များကို လက်နက်တပ်ဆင်ပေးပြီး အကြမ်းဖက်လုပ်ရပ်များအတွက် ကျောထောက်နောက်ခံပေးကာ အကျိုးအမြတ်ရယူနေသည့်အတွက် ထိုလုပ်ရပ်သည် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းလုံခြုံရေးကို ဆိုးရွားစွာခြိမ်းခြောက်စေသည်ဟုလည်း အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုခဲ့သည်။ 5
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ကတော့ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များနှင့် အဆက်အစပ်ရှိကြောင်း AA ၏ စွပ်စွဲချက်ကို ပြန်လည်ငြင်းဆိုထားပါသည်။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် ရိုဟင်ဂျသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှစ်ဖွဲ့လုံး၏ လှုပ်ရှားမှုများကို တိုက်ဖျက်နေပြီး ARSA ၏ အကြီးအကဲ အတူလာဂျူနူနီအပါအဝင် ခေါင်းဆောင်ပိုင်းတချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း BGB က တုံ့ပြန်ထားပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်ထဲတွင် လှုပ်ရှားနေကြသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်များသည် ဘင်္ဂလားဒေ့ရှ်ဘက်တွင် ခြေကုပ်ယူထားခြင်းမဟုတ်ဘဲ မြန်မာဖက်ခြမ်းတွင်သာ ရှိနေကြခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးမှ တွေ့ရှိထားသည်ဟုလည်း BGB က ဆိုပါသည်။
UNHCR အကြီးအကဲ၏ ၃ ရက်ကြာ မြန်မာပြည်ခရီး
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖိလစ်ပိုဂရန်ဒီက မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ ခရီးသွားခဲ့ရာ သန်းပေါင်းများစွာသော စစ်ဘေးရှောင်များ၏အခြေအနေကို မြင်တွေ့ခဲ့ရပြီး ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ အမေ့လျော့ခံအကျပ်အတည်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ရန်ပုံငွေနှင့် အကူအညီများ တိုးမြှင့်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ 6
မြန်မာနိုင်ငံအတွင်း သန်းပေါင်းများစွာသော ပြည်သူများသည် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမှု၊ အတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုစသည်တို့ကြောင့် နေ့စဉ်အသက်အန္တရာယ် စိုးရိမ်နေကြရပြီး ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်စေဖို့အတွက် နည်းလမ်းရှာဖွေရန်လိုအပ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားပါသည်။
အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ပြန်ချက်ထဲတွင်တော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးသည် ၎င်းတို့၏ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား ငြင်းပယ်ကြ

နိုင်ငံတကာဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ထားသည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် ဂျာနယ်လစ်များမှ မြန်မာအာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို တရားမဝင်ရွေးကောက်ပွဲအဖြစ် စုပေါင်းထုတ်ပြန်ရှုတ်ချခဲ့ကြသည်။
မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်အချိန်ကတည်းက ဂျာနယ်လစ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်သားပြည်သူအများအပြားကို ဖိနှိပ်ဖမ်းဆီးခဲ့ပြီး ရက်စက်သည့် တိုက်ခိုက်မှုများလုပ်ဆောင်မှုကြောင့် လူထောင်ချီသေဆုံးပြီး သန်းနှင့်ချီနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။ 7
ထို့အပြင် ၄ နှစ်ခွဲအထိ ရောက်ရှိလာသည့် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီမှ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲခြင်းသည်လည်း ကျူးလွန်ခဲ့သည့်ပြစ်မှုများကို နိုင်ငံတကာအမြင်တွင် တာဝန်မခံဘဲ ရှောင်လွှဲရန်ကြံစည်သည့် လုပ်ရပ်သာဖြစ်သည်ဟု ထောက်ပြထားပါသည်။
နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်ကျင့်သုံးရန်လည်း တောင်းဆိုထားသည်ကို တွေ့ရသည်။
3. အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာခရီးစဉ် ရွှေ့ဆိုင်း၊ ဧရာဝတီ ၊ ၁၈ စက်တင်ဘာ ၂၀၂၅
4. မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက်ကို AAတုံ့ပြန်၊ Burma VJ ၁၇ စက်တင်ဘာ ၂၀၂၅
5. ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က မူဆလင်ဒုက္ခသည်တွေကို အားပေးအားမြှောက်လုပ်နေလို့ AA ပြော၊ Burma VJ ၁၈ စက်တင်ဘာ ၂၀၂၅
6. ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနည်းလမ်းရှာရန် မြန်မာပြည်သွားရောက်ခဲ့သည့် UNHCR အကြီးအကဲပြော၊ DVB ၁၆ စက်တင်ဘာ ၂၀၂၅
7. နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေကစစ်ကောင်စီရွေးကောက်ပွဲကို စုပေါင်းရှုတ်ချ၊ People’s Spring ၁၅ စက်တင်ဘာ ၂၀၂၅