အာဏာသိမ်းစစ်အုပ်စုလက်မှ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် သားတစ်ယောက်၏ လှုပ်ရှားမှုများ

By MPM 28 နိုဝင်ဘာ, 2025 👁

နိဒါန်း

“မြန်မာနိုင်ငံရဲ့ ခံစားနေရတဲ့ ဒုက္ခတွေက ကျွန်တော်တို့ရဲ့ ဒုက္ခတွေပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရရှိဖို့နဲ့ ပြန်လည်ကုစားနိုင်ဖို့အတွက်ဆိုရင်တော့ မေမေ လွတ်မြောက်မှ ဖြစ်ပါလိမ့်မယ်”

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ကျင်းပသော “ဒေါ်အောင်ဆန်းစုကြည်နှင့်  မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် ဆုတောင်းခြင်းအခမ်းအနား” တွင် ဒေါ်အောင်ဆန်းစု၏ သားငယ် ကင်မ်အဲရစ် (ကိုထိန်လင်း) က အထက်ပါသတင်းစကားကို ပေးပို့ခဲ့သည်။

စစ်မှန်သော ငြိမ်းချမ်းရေးဟူသည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဂရုဏာတရားတို့အပေါ်တွင်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ဖိနှိပ်ခံရမှုနှင့် တိတ်ဆိတ်နေမှုတို့တွင် အရင်းခံခြင်းမဟုတ်ကြောင်း သူ့မေမေက အမြဲသင်ပြပေးခဲ့သည်ဟု ကိုထိန်လင်းက ဆိုသည်။ “မေမေနဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာရှိနေသရွေ့ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာမဟုတ်ပါဘူး” ဟုလည်း ကင်မ်အဲရစ်က ယုံကြည်ထားသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် သားတစ်ယောက်၏ လှုပ်ရှားမှုများနှင့် မျက်မှောက်ခေတ်ကို ထင်ဟပ်စေသာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကို လက်လှမ်းမှီသမျှ လေ့လာတင်ပြသွားပါမည်။

မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် သားတစ်ယောက်၏ လှုပ်ရှားမှုများ

အသက် (၄၈) နှစ်အရွယ် ကင်မ်အဲရစ် (ကိုထိန်လင်း) သည် မိခင်ဖြစ်သူ၏ဆန္ဒအရ နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေခဲ့သူ ဖြစ်သည်။ သူ တစ်ခုခုပြောဆိုလိုက်ခြင်းကြောင့် တလွဲအဓိပ္ပါယ်ကောက်ယူသူများက မိခင်ဖြစ်သူအပေါ် ပိုမိုဒုက္ခပေးမည်ကို ကင်အဲရစ်က မလိုလားပေ။ ယခုမူ အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံနေရသည့် အသက် (၈၀) အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ကင်မ်အဲရစ် ရတက်မအေးတော့ပြီ။

၂၀၁၆ ခုနှစ်အတွင်း ဗြိတိန် (ယူကေ) နိုင်ငံသို့ ရောက်ရှိလာသည့် မိခင်ဖြစ်သူနှင့် ကင်မ်အဲရစ်အကြား တွေ့ဆုံမှုသည် နောက်ဆုံးတွေ့ဆုံမှု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း များပြားလှသည့် သူမ၏ လုပ်ငန်းတာဝန်များကြောင့် ထိုတွေ့ဆုံမှုနောက်ပိုင်း လူချင်းတွေ့ဖို့ရော၊ စကားပြောဆိုဖို့ပါ အခွင့်အရေးအလွန် နည်းပါးသွားခဲ့ကြောင်း ကင်မ်အဲရစ်က ဆိုပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းမှုနှင့်အတူ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးချုပ်နှောင်ခံနေရသည့် မိခင်ဖြစ်သူနှင့် အဆက်အသွယ်ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကင်အဲရစ် ချဉ်းကပ်ကြိုးပမ်းခဲ့သည်။

“ကျွန်တော် ဘာရလဒ်မှ မရခဲ့ပါဘူး။ မြန်မာစစ်တပ်က ကျွန်တော့်ရဲ့ မေးမြန်းစုံစမ်းမှုတွေကို ဘာမှ အကြောင်းမပြန်ပါဘူး။ ကျွန်တော်ဟာ ဗြိတိန်နိုင်ငံခြားရေးရုံးကတဆင့် ဆက်သွယ်ခဲ့သလို လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း တိုက်ရိုက်ဆက်သွယ်ခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ကနေလည်း ဆက်သွယ်ခဲ့ပါတယ်။ ရလဒ်ကတော့ အတူတူပါပဲ။ ဘယ်လိုအဖြေမှ လုံးဝ မရခဲ့ပါဘူး” ဟု ကင်မ်အဲရစ်က ရှင်းပြသည်။ [1]

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လန်ဒန်မြို့ ရှိ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်ကာ မိခင်ဖြစ်သူနှင့် တွေ့ခွင့်ပေးဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရေးသားထားသည့်စာကို သွားရောက်ပေးအပ်ခဲ့သည်။ သံရုံးမှ တစုံတဦးကမျှ စာကို လက်ခံရယူခြင်းမရှိသည့်အတွက် သံရုံးစာတိုက်ပုံးတွင်သာ စာအိတ်ကို ထည့်သွင်းခဲ့ရသည်။ ကင်မ်အဲရစ်က “စစ်တပ်ဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကို အင်မတန်ကြောက်တယ်။ မေမေ ချုပ်နှောင်ခံရတာ လေးနှစ်ရှိပါပြီ၊ ဆယ်စုနှစ်များစွာ သူ့ရဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးပြီးတဲ့ နောက်မှာပေါ့။ မေမေချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူတွေအတွက် ဆက်ပြီးကြိုးစားပါ့မယ်” ဟု အဆိုပါသံရုံးရှေ့တွင် ကတိပြုခဲ့သည်။ [2]

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏အသံနှင့် အခန်းကဏ္ဍကို တိတ်ဆိတ်စွာဖြင့် ပြည်ဖုံးကားချရန် ကြိုးပမ်းကြံစည်လျက်ရှိပြီး ကင်မ်အဲရစ်၏ တောင်းဆိုမှုကို ယနေ့အချိန်အထိ လစ်လျူရှုထားသည်။ ထို့ကြောင့်ပင် အသက် (၈၀) အရွယ် မိခင်ဖြစ်သူအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ကင်မ်အဲရစ်၏ ခြေလှမ်းများသည် ပြည်တွင်းတော်လှန်ရေးအင်အားစုများ၊ ခေါင်းဆောင်များအပြင် သြဇာတိက္ကမကြီးမားသော ပုပ်ရဟန်းမင်းကြီးအပါအဝင် နိုင်ငံတကာ အစိုးရခေါင်းဆောင်များ၊ အဖွဲ့အစည်းများထံ အရှိန်ပြင်းပြင်း ချဉ်းကပ်လျက်ရှိပါသည်။

ထို့အပြင် မြန်မာပြည်သူလူထုအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ ပြည်သူတိုင်း ကြားသိနိုင်ရေးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းမီဒီယာများမှတဆင့်လည်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များအကြောင်းကို ဆောင်းပါးများရေးသားခြင်း၊ အင်တာဗျူးများဖြေဆိုခြင်း နည်းလမ်းတို့ဖြင့် အရှိန်အဟုန်မြှင့်ကာ ထုတ်ဖော်ပြောဆိုလာသည်ကို တွေ့ရသည်။

ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာန၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ထုတ်သတင်းအရ မိခင်ဖြစ်သူနှင့်အတူ လွှတ်သင့်လွှတ်ထိုက်သူများအားလုံး လွှတ်ပေးဖို့အတွက် စစ်အုပ်စုကို ပိုပြီးဖိအားပေးရန် တရုတ်သမ္မတရှီကျင့်ပင်ထံ ကင်မ်အဲရစ်က မေတ္တာရပ်ခံထားပါသည်။ ကင်မ်အဲရစ်က ယခုလိုလည်း ပြောဆိုထားပါသည်။

“အကျဉ်းထောင်ပြင်ပက တယောက်ယောက်၊ အမေနဲ့တွေ့ပြီး အနည်းဆုံး အသက်ရှင်နေသေးတယ်ဆိုတာသိရရင် တော်ပါပြီ.. အကျဉ်းထောင်ထဲက အခြေအနေတွေက အလွန့်အလွန် ဆိုးဝါးနေတာမို့ မေမေ ထောင်ထဲမှာတင် ဆုံးသွားမှာကို ကျွန်တော်တချိန်လုံး စိုးရိမ်နေတယ်” [3]

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် တွေ့ဆုံခြင်း၊ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်နှင့် တွေ့ဆုံခြင်းတို့သည် မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ကင်အဲရစ်၏ လှုပ်ရှားမှုများကို သတိပြုမိစေခဲ့သည်။ ထို့အပြင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများတွင်လည်း ကင်အဲရစ်ကို တွေ့ရတတ်ပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်သတင်းစာမှတပါး အခြားသတင်းအချက်အလက် ရရှိနိုင်ဖွယ်မရှိသော စစ်အုပ်စု၏ အကျဉ်းထောင်အတွင်းမှ မိခင်ဖြစ်သူကမူ ကင်မ်အဲရစ်၏ လှုပ်ရှားမှုများနှင့် လွတ်မြောက်ရေးတောင်းဆိုသံများကို ကြားသိနိုင်ရန် ခက်ခဲပေလိမ့်မည်။

မျက်မှောက်ခေတ်ကို ထင်ဟပ်စေသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များ

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ စစ်အာဏာသိမ်းခဲ့သည့် စစ်အုပ်စု၏ အကျင့်ဆိုးကို ပမာပြကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီပါတီ (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီသတင်းထောက်က “ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လေးစားလိုက်နာမယ်လို့ ဘာလို့ထင်ရတာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

ထိုမေးခွန်းအတွက် ဒေါ်အောင်ဆန်းစုကြည်က “ခေတ်က ပြောင်းသွားပြီ၊ လူတွေလည်း ပြောင်းသွားခဲ့ပြီ။ လူတွေက နိုင်ငံရေးနိုးကြားမှု ပိုရှိလာခဲ့ပြီ။ ရွေးကောက်ပွဲရလဒ်ကို မလျော်မကန်လုပ်ချင်တဲ့သူတွေရှိရင်လည်း လုပ်ဖို့ ပိုပြီးခက်ခဲသွားပါပြီ” ဟု ဖြေဆိုခဲ့သည်။ [4]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုလုပ်ငန်းစဉ်များကို ယနေ့အချိန်အထိ အောင်မြင်စွာ အဆုံးမသတ်နိုင်သေးသည်ကိုကြည့်ပါက ၂၀၁၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် မျက်မှောက်ခေတ်ကို ထင်ဟပ်နေဆဲဟု ဆိုရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စစ်အာဏာသိမ်းချိန်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်အထိ စစ်အုပ်စု၏ အဓမ္မဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံထားရသူ၊ မြန်မာပြည်သူလူထုအပါအဝင် ကမ္ဘာနှင့်ပါ အဆက်အသွယ် ဖြတ်တောက်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုစီစဉ်သော တရားရုံးစင်မြင့်ပေါ်မှ ဇာတ်ကွက်များကို “အားလုံး မဟုတ်တမ်းတရားတွေပဲ” ဟုသာ နှလုံးသွင်းထားပုံရသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကူအညီ အထောက်အပံ့များကအစ တစုံတရာလက်ခံထားခြင်းမရှိကြောင်းကိုလည်း သူ့ရှေ့နေအဖွဲ့ကတဆင့် သိစေခဲ့သည်။ [5]

“မြန်မာနိုင်ငံအကြောင်း အမှန်တရားတွေကို ‌ကျေးဇူးပြုပြီး လူတိုင်းကို ပြောပြပေးပါ။ ကျမတို့ နှုတ်ပိတ်ခံထားရပေမယ့် ရှင်ကတော့ ပြောနိုင်ပါတယ်” ဟူသည်က သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ် ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ တောင်းဆိုမှုတခုဖြစ်သည်။ စစ်အာဏာသိမ်းကာလအတွင်း မြန်မာပြည်သူ့လူထုအတွက် သတင်းစကားတခုအဖြစ်လည်း မစ္စတာရှောင်က ယခုလို ပြန်ပြောပြပါသည်။

“အထူးသဖြင့် မြန်မာလူငယ်တွေနဲ့ပတ်သက်ပြီး သူမ ဘယ်လောက်ဂုဏ်ယူခဲ့ရသလဲဆိုတာကို ပြောပြခဲ့တယ်။ တိုတောင်းလှတဲ့ ဒီမိုကရေစီနဲ့ ထိတွေ့မှုလေးအတွက်တောင် ဒီမိုကရေစီအတွက် ကာကွယ်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် သူ တကယ့်ကို ဂုဏ်ယူနေခဲ့တယ်”

ယခုအခါ အာဏာသိမ်းစစ်အုပ်စုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲတခုကို ဇွတ်အတင်းခင်းကျင်းနေပြီး ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေပါသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်သော တော်လှန်ရေးအင်အားစုများနှင့်အတူ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း တရားဝင် အသိထားထားကြသကဲ့သို့ ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေးကိုသာ တောင်းဆိုတိုက်တွန်းလျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲအသစ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီနှင့် ဆန္ဒမဲပေးကြရမည့် ပြည်သူများအတွက် သတင်းစကားတရပ်ကိုမူ လွန်ခဲ့သော ဆယ်စုနှစ်တခုကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယခုလို သတိပေးခဲ့ဖူးပါသည်။

“ကြောက်လို့ပေးတဲ့ မဲဆိုရင် ကျမတို့ တပြားမှ မလိုချင်ပါဘူး။ ခြိမ်းခြောက်ပြီးတော့ မဲထည့်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ကြောက်ပြီးတော့ မဲထည့်မယ်ဆိုရင် နောင်တသက် ထပ်ပြီးတော့ ကြောက်နေရမှာပဲဆိုတာ ကျမ သတိပေးပါရစေ”

လွန်ခဲ့သော ၁၃ နှစ်၊ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရစ္စကိုတွင်ပြုလုပ်သည့် ဒေါ်‌အောင်ဆန်းစုကြည်၏ “The Long Road to Freedom” မိန့်ခွန်းတွင်တော့ လွတ်လပ်မှုအတွက်ဆိုလျှင် အာဏာရှင်များ မလိုအပ်သည့် လူ့အဖွဲ့အစည်းတစ်ခု၊ အာဏာရှင်များ၏ အမိန့်အာဏာနှင့် ပြောဆိုညွှန်ကြားချက်များကို ခွင့်မပြုသည့် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးထိန်းသိမ်းနိုင်သော ပြည်သူများဖြစ်အောင် ပြောင်းလဲနိုင်ရမည်ဟု ဆိုပါသည်။

“တခါတလေမှာ ကျမတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို ဖျက်ဆီးတတ်ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ပိုလွယ်လို့ပါ။ တွန်းကန်ရုန်းကန်တာထက်စာရင် နားထောင်လိုက်ရတာက ပိုလွယ်တာကိုး၊ ကိုယ်မှန်တယ်လို့ထင်တဲ့အရာအတွက် ကာကွယ်ရပ်တည်တာထက် အလျော့ပေးလိုက်တာက ပိုလွယ်တာကိုး။ ဒီနည်းနဲ့ပဲ ကျမတို့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဖျက်ဆီးဖို့ အစပြုကြတာ” [6]

ဒေါ်အောင်ဆန်းစုကြည် မိတ်ဆက်ပေးခဲ့သည့် “ပြောင်းလဲချိန်တန်ပြီ” ၊ “ပြည်သူနှင့်အတူ” ဟူသော မဲဆွယ်ဆောင်ပုဒ်များသည် ပြည်သူလူထုအကြား ထင်ကျန်နေဆဲဖြစ်သကဲ့သို့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် သူမ၏ ပြောဆိုချက်များသည် ခေတ်နောက်ကျန်ခဲ့ခြင်းမရှိဘဲ မျက်မှောက်ခေတ် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းများအထိပင် ထင်ဟပ်နေဆဲဖြစ်သည်ကို တွေ့ရသည်။

တွေ့ရှိချက်

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်ကတော့ မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကုစားနိုင်ရေးအတွက် “မေမေ လွတ်မြောက်မှဖြစ်မယ်” ဟု ဆိုပါသည်။

တရုတ်အစိုးရသည်ပင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား တနည်းမဟုတ်တနည်းဖြင့် တရားဝင်မှုရရှိရေးအတွက် သူ့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော အဓိကကျသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမှဖြစ်မည့်အကြောင်း သိထားသည်ဟု ကင်မ်အဲရစ်က ပြောသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို တဖွဖွပြောဆိုနေတတ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းကြီးမှ လွတ်မြောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတမျိုးမျိုးကို အစဆွဲထုတ်ပေးနိုင်မည့် လူနည်းစုထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ကင်အဲရစ်က ယုံကြည်ထားသည်။

သို့သော် စစ်အုပ်စု၏ ဝါဒဖြန့်ယန္တရားအောက်တွင် မိခင်ဖြစ်သူ “သေဆုံးသွားပြီး” ဟူသော စာမျိုးအထိ ရရှိခဲ့ဖူးသည့် ကင်အဲရစ်အတွက် ရင်ဆိုင်ဖို့ အတော်အခက်တွေ့ခဲ့ရသည်။ မိခင်ဖြစ်သူအား နေအိမ်အကျယ်ချုပ် ပြောင်းရွေ့ထားသည်ဟူသော သတင်းများသည်လည်း သက်သေအထောက်အထား တစုံတရာမတွေ့ရဘဲ ရှိနေပါသည်။ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း မိခင်ဖြစ်သူရှိရာ အကျဉ်းထောင် ပျက်ဆီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့သော်လည်း သတင်းအရင်းအမြစ်များသည် စစ်တပ်အသိုင်းအဝိုင်းမှဖြစ်သည့်အတွက် အတည်ပြုနိုင်ရေး အလွန်ခက်ခဲသည်ဟု ကင်မ်အဲရစ်က ပြောသည်။

လာမည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်တော့ “Stand up for Freedom” ခေါင်းစဉ်နှင့်အတူ လူမှုကွန်ယက်နှင့် မြေပြင်အဖွဲ့များ ပူးပေါင်းကာ ဆန္ဒဖော်ထုတ်မည့်အစီအစဉ်ကို ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်မည်ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတကြီး ဦးဝင်မြင့်နှင့် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ နိုင်ငံခေါင်းဆောင်များကို မတရားဖမ်းဆီးထားပြီး ကျင်းပမည့်ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ကမ္ဘာက သိရှိသတိပြုမိစေနိုင်ရေးနှင့် မြန်မာပြည်သူအားလုံး၏ စည်းလုံးမှုအင်အားကို ပြသနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်လွှင့်သော ကင်အဲရစ်နှင့် FRANCE 24 သတင်းဌာနတို့၏ တွေ့ဆုံမေးမြန်းခန်းတွင်တော့ “မေမေ အသက်ရှင်နေဖို့သာ ကျနော်မျှော်လင့်နိုင်ပါတယ်” ဟု ကင်မ်အဲရစ်က ပြောဆိုခဲ့ပါသည်။

[1] “ စစ်တပ်က ဒီစစ်ပွဲကို ဘယ်တော့မှ နိုင်မှာ မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ဆက်ကြာမလဲဆိုတာပဲ ရှိပါတယ်” – ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း၊ BBC ၊ ၁၉ ဇွန် ၂၀၂၃
[2] Kim Aris – Htein Lin’s Facebook, 1 Feb 2024
[3] Aung San Suu Kyi’s son seeks China’s help to secure her release from Myanmar jail, South China Morning Post, ၃ အောက်တိုဘာ ၂၀၂၅
[4] ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘီဘီစီ သီးသန့် အင်တာဗျူး၊ ၁၁ နိုဝင်ဘာ ၂၀၁၅
[5]  မြန်မာ့နွေဦးတော်လှန်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကား၊ Issue – 83 ၊ ဒီဇင်ဘာ ၂၀၂၂
[6] Daw Aung San Suu Kyi – The Long Road to Freedom, Oslo Freedom Forum, 3 Oct 2012