ဖက်ဒရယ်အမြုတေများ ဖြစ်ထွန်းလာခြင်း၊ စစ်ရေးအရ စုဖွဲ့ကွပ်ကဲမှုအသစ်နှင့် အာဏာသိမ်းစစ်အုပ်စု ဘာလဲ၊ ဘယ်လဲ

By MPM 19 ဇန်နဝါရီ, 2026 👁 6

နိဒါန်း

စစ်ရေး၊ နိုင်ငံရေးအရွေ့အပြောင်းများကို အကြောင်းပြု၍ ၂၀၂၅ ခုနှစ်၏ နှစ်အစပိုင်းသည် အဖွင့်ထူးခြားခဲ့သည်ဟု တင်ပြခဲ့ပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အဟုန် အားကောင်းလာခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ အရှုံးလက္ခဏာများ ပိုမိုထင်ရှားလာခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြောင်းအလဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ၏ နိုင်ငံရေးခြေလှမ်း၊ ပြည်တွင်းရှိ နိုင်ငံရေးသမားအချို့၏ ငွေဆောင်ဆွေးနွေးပွဲ စသည့် အကြောင်းအရာများသည် ၂၀၂၅ ခုနှစ်၏ အဖွင့်ကို ထူးခြားစေခဲ့သည်။

ယင်းထူးခြားမှုများသည်ပင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရွေ့ပြောင်းနေခဲ့သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် တနှစ်ပတ်လုံးတွင် တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုအသစ်၊ ချဉ်းကပ်မှု အပြောင်းအလဲများကို မြင်တွေ့ခဲ့ရသကဲ့သို့ အာဏာသိမ်းစစ်အုပ်စု၏ ၂၀၂၅ အလွန် ခြေလှမ်းများသည်လည်း ပီပြင်ထင်ရှားလာခဲ့သည်ဟု ဆိုရပါမည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အဖွင့်ရော၊ အပိတ်ပါ ထူးခြားခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေး၊ နိုင်ငံရေးစုဖွဲ့မှုဆိုင်ရာ တွေ့ရှိချက်များနှင့် ၂၀၂၅ ခုနှစ်အလွန် မြင်တွေ့ရမည့် အခင်းအကျင်းများကို လေ့လာတင်ပြသွားပါမည်။

ဖက်ဒရယ်အမြုတေများ ဖြစ်ထွန်းလာခြင်းနှင့် စစ်ရေးအရ စုဖွဲ့ကွပ်ကဲမှုအသစ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်သော တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုကို ရှုကြည့်ပါက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ကို အမြင့်ဆုံးတပ်ဦးသဖွယ် မြင်တွေ့ရပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု၊ ကြားကာလပြည်နယ်/ ဖက်ဒရယ်ယူနစ်ကောင်စီများနှင့် သပိတ်ကော်မတီများအပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးပါဝင်နေကြသဖြင့် NUCC ၏ အခန်းကဏ္ဍသည် အလွန်ခမ်းနားခဲ့ပါသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ရရှိထားသည့် သတင်းအချက်အလက်များအရ NUCC အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များအစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ နှုတ်ထွက်ထားကြသလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း နှုတ်ထွက်သွားခဲ့ပါသည်။ [1]  ထို့ကြောင့် နွေဦးတော်လှန်ရေး၏ အစပိုင်းကတည်းက ဖြစ်တည်လာခဲ့သည့် NUCC ၏ အခန်းကဏ္ဍသည် သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့ပြီး စုစည်းမှုအင်အား ယုတ်လျော့သွားခဲ့သည်ကို တွေ့ရသည်။

ထူးခြားမှုအဖြစ်မူ NUCC ၏ အစုအဖွဲ့ဝင်များဖြစ်သော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) အပါအဝင် ERO များနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်ကောင်စီတို့ ပါဝင်သည့် အဖွဲ့ (၉) ဖွဲ့ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအားကောင်းစေရေးအတွက် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism)” ချဉ်းကပ်မှုကို သဘောတူညီခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်ခဲ့ကြပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင်တော့ အဆိုပါ “Bottom- up Federalism” ချဉ်းကပ်မှုလုပ်ငန်းအစီအစဉ်နှင့် သဘောတူညီချက်များကို ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ အသိအမှတ်ပြုခဲ့သည်။ တဆက်တည်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် CNF၊ KNU၊ KNPP နှင့် NUG အကြား ရရှိထားသည့် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကိုလည်း လက်ခံထားသည်ကို တွေ့ရသည်။ [2]

အခြားတဖက်တွင်တော့ အနာဂတ်ဖက်ဒယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူမျိုးနှင့် နယ်မြေဒေသအလိုက် ဖက်ဒရယ်ယူနစ်/ဖက်ဒရယ်ကောင်စီများ ဖြစ်ထွန်းလာရေး ကြိုးပမ်းလာကြသည်ကို တွေ့ရသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဆိုလျှင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ ယန္တရားများပင် ပုံမှန်လည်ပတ်နေပြီဖြစ်သည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဦးဆောင်မှုဖြင့် တအာင်းပြည်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သလို [3]  ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ [4]

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအမတ်များနှင့် ဖွဲ့စည်းထားသည့် ဒေသအလိုက် လွှတ်တော်များမှတဆင့် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) [5] ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ [6] ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်ကို အတည်ပြုခဲ့ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးကို ကြိုးပမ်းနေသည်ကို တွေ့ရသည်။ [7]

စစ်ရေးအရ စုဖွဲ့မှုဘက်တွင်တော့ နွေဦးတော်လှန်ရေးကာလအတွင်းတွင်မှ ဖြစ်တည်ပေါက်ဖွားလာခဲ့သည့် မြန်မာနိုင်ငံတဝှမ်း ဒေသအလိုက်တော်လှန်ရေးတပ်ဖွဲ့ (၁၉) ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဖြစ်ထွန်းလာမှုသည် ၂၀၂၅ ခုနှစ်၏ အပိတ်ကို ထူးခြားစေသကဲ့သို့ ၂၀၂၅ ခုနှစ်အလွန် ခုခံတော်လှန်စစ်၏ စုစည်းညီညွတ်မှုခွန်အားကိုလည်း ထင်ဟပ်စေပါသည်။]

SRA ဖြစ်ထွန်းလာခြင်းသည် ERO များ၏ ကွပ်ကွဲမှု၊ NUG ၏ ကွပ်ကဲမှုအောက်တွင်မရှိဘဲ ပြန့်ကျဲနေသော နယ်မြေဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့များကို အချိန်မီစုစည်းနိုင်ရေးနှင့် အာဏာသိမ်းစစ်အုပ်စုအား ဦးတည်တော်လှန်ထိုးစစ်များကို နေရာဒေသအလိုက် တချိန်တည်း၊ တပြိုင်တည်း လှုပ်ရှားနိုင်သော ဟန်ချက်ညီလှုပ်ရှားနိုင်ရေးကို အထောက်အကူပြုစေနိုင်ပါသည်။ ထို့အပြင် ERO များ၏ ကွပ်ကဲမှု၊ NUG ၏ ကွပ်ကဲမှုနှင့် SRA ကွပ်ကဲမှုဟူသော စုဖွဲ့ကွပ်ကဲမှု (၃) ခုသာ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများကို ဟန်ချက်ညီလုပ်ဆောင်လာပါက နွေဦးတော်လှန်ရေးအင်အားစုများ၏ တော်လှန်ထိုးစစ်အရှိန်အဟုန်သည် ယခုထက် ကြီးမားကျယ်ပြန့်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

အာဏာသိမ်းစစ်အုပ်စု ဘာလဲ၊ ဘယ်လဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို အဓမ္မပယ်ဖျက်ကာ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စစ်အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် (၅) နှစ်နီးပါး ကြာမြင့်လာခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ တောင်တန်း မြေပြန့်ဒေသအလိုက် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းကို ယနေ့အချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် နွေဦးတော်လှန်ရေးကာလတွင်မှ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ဖြစ်တည်ပေါက်ဖွားလာခဲ့သော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တော်လှန်ထိုးစစ်များကိုလည်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မရှုမလှ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။

ရာနှင့်ချီသော စစ်စခန်းများနှင့် မြို့ပေါင်း (၉၀) ကျော်ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရပြီး သောင်းနှင့်ချီသော စစ်သည်အင်အားများ ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်အုပ်စုအတွက် အဖက်ဖက်မှ အဆုံးအရှုံးကြီးခဲ့သလို တရုတ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများကိုပါ ရင်ဆိုင်နေရပြီဟု ဆိုရပါမည်။ မတရားသဖြင့် အာဏာသိမ်းထားသည့် စစ်အုပ်စုအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုကို ခံနေရပါသည်။ ထို့ကြောင့်ပင် တရုတ်အစိုးရ၏ သဘောတူညီမှုဖြင့် ဟန်ပြ “ရွေးကောက်ပွဲ” များကို အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပလျက်ရှိပါသည်။ [8]

အနှီရွေးကောက်ပွဲများအတွင်း စစ်အာဏာသိမ်းမှုတွင်ပင် ပါဝင်နေကြသည့် စစ်ဗိုလ်ချုပ်များအပါအဝင် တပ်မတော်သားများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှတဆင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် အပိုင်း (၁) ရွေးကောက်ပွဲရလဒ်များကို လေ့လာကြည့်ပါက အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ရွေးကောက်ခံအစိုးရဟူသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ပင် ဦးဆောင်လာလိမ့်မည်ဟု ရှုမြင်ရသည်။ တဆက်တည်းတွင် “ရွေးကောက်ခံအစိုးရ” ဟူသော စကားလုံးကို ကြက်တူရွေးနှုတ်တိုက်ရွတ်ကာ နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ရသည့်အပေါက်မှ တိုးဝင်နိုင်ရေး ကြိုးပမ်းလာဖွယ်ရှိပါသည်။

မြန်မာနိုင်ငံတဝှမ်း နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသော လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ၎င်းတို့၏ စစ်အင်အား ဖြည့်တင်းရေးအတွက် အရပ်သားပြည်သူများအား အဓမ္မစစ်မှုထမ်းစေခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း စသော စစ်အုပ်စု၏ ဆက်ဆုတ်ဖွယ်လုပ်ရပ်များကိုမူ ရပ်တန့်သွားဖွယ်မရှိဟု ဆိုရပါမည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်၊ စစ်အာဏာသိမ်းမှုစတင်ကတည်းက အဓမ္မဖမ်းဆီးခံနေရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား လွှတ်ပေးရေးသည်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးတည်းတွင်သာ မူတည်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိရသည့် တော်လှန်ရေးအင်အားစုများအတွင်း စုဖွဲ့မှုအသစ်များ၊ ချဉ်းကပ်မှုပုံစံအသစ်များနှင့် ဖြစ်ထွန်းမှုများကို လေ့လာကြည့်ပါက ၂၀၂၅ အလွန်ကာလများတွင် ဖက်ဒရယ်အမြုတေများဖြစ်သော ဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရများ၏ ရုပ်လုံးကိုယ်ထည်သည် ပိုမိုပီပင်လာနိုင်သလို တော်လှန်ရေးအင်အားစုများအကြား ရရှိထားသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ပါ ဘုံနိုင်ငံရေး သဘောတူညီချက်များနှင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism)” ချဉ်းကပ်မှုတို့တွင် အခြားသော တော်လှန်ရေးအင်အားစုများလည်း တင်းပြည့်ကျပ်ပြည့် ပါဝင်နိုင်ကြောင်း ရှုမြင်ရပါသည်။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စုကို ဦးတည်သော တော်လှန်ထိုးစစ်များသည်လည်း တောင်တန်းမြေပြန့် ဒေသအလိုက် ဟန်ချက်ညီလှုပ်ရှားမှုများသည်လည်း အားကောင်းလာဖွယ်ရှိပါသည်။

အာဏာသိမ်းစစ်အုပ်စုအတွက်မူ ဟန်ပြရွေးကောက်ပွဲမှတဆင့် ရွေးကောက်ခံအစိုးရအဖြစ် အသွင်ပြောင်းလာခဲ့လျှင်ပင် အာဏာသိမ်းစစ်အုပ်စု၏ ဖြစ်တည်မှုကို ပြောင်းလဲနိုင်ဖွယ်မရှိပေ။ နိုင်ငံရေးမှ ဆုတ်ခွာရန်၊ အာဏာစွန့်ရန်နှင့် စစ်မှန်သောအသွင်ကူးပြောင်းရေးအတွက် စိတ်ဆန္ဒတစ်စုံတစ်ရာမရှိပါဘဲ ၎င်းတို့၏ ဖြစ်တည်မှုကို စစ်အုပ်စုအနေဖြင့် ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် စစ်အာဏာသိမ်းကာလ (၅) နှစ်တာအတွင်း တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးခဲ့ရသော စစ်လက်နက်ပစ္စည်းများ၊ စစ်စခန်းများ၊ ကျေးရွာများ၊ လမ်းမများနှင့် မြို့များအား ပြန်လည်ရရှိရေးထက်ပင် ပြည်သူလူထု၏ ယုံကြည်မှု ဆုံးရှုံးခြင်းကို ပြန်လည်ယူနိုင်ရေးသည် အာဏာသိမ်းစစ်အုပ်စုအတွက် ပို၍ခက်ခဲနိုင်ပေလိမ့်မည်။

ထို့ကြောင့် တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်စေမည့် လုပ်‌ဆောင်မှုများ၊ ထိတွေ့ဆက်ဆံမှုများနှင့် လူရာသွင်းမှုများကို ရှောင်ရှားကာ မြန်မာပြည်သူလူထု၏ လုံခြုံရေး၊ ရှင်သန်ရပ်တည်ရေးအတွက် လက်တွေ့ကျကျ ကာကွယ်နိုင်မည့်ချဉ်းကပ်မှုများကို ဦးစားပေးသင့်သည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရေးဖိအားပေးနိုင်ပါက ဟန်ပြ ရွေးကောက်ပွဲကျင်းပခြင်းထက်ပင် မြန်မာပြည်သူလူထုအတွက် စိုးရိမ်ကြောင့်ကြမှုလျော့နည်းစေပြီး လုံခြုံမှုပါ မြင့်တက်စေလာနိုင်ကြောင်း သုံးသပ်ရပါသည်။

၂၀၂၅ ခုနှစ်အလွန် မြန်မာ့စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းတွင် ဟန်ပြရွေးကောက်ပွဲများအလွန် စစ်အုပ်စု၏ အပြောင်းအလဲနှင့် ဖြစ်တည်မှုတွင် ထူးခြားမှုတစုံတရာ မမြင်တွေ့ရသကဲ့သို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူလူထုအပေါ် ပြုမူလျက်ရှိသော စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များသည်လည်း ဆက်လက်တွေ့မြင်ရဖွယ်ရှိပါသည်။ တော်လှန်ရေးအင်အားစုများဘက်တွင်တော့ နိုင်ငံရေးမှ စစ်တပ်ထွက်ရေးအပါအဝင် ဘုံသသဘောတူညီချက်များ၊ အောက်ခြေမှ အထက်သို့ တက်လှမ်းသော နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ဒေသအလိုက် ဖက်ဒရယ်အမြုတေများ ဖြစ်ထွန်းလာခြင်းနှင့် စစ်အုပ်စု ချုပ်ငြိမ်းရေးသို့ ဦးတည်သော စစ်ရေးစုဖွဲ့မှုအသစ်များကို ပီပြင်ထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်သည်။

မြန်မာ့အကြပ်အတည်း ဖြေရှင်းရေးအတွက် ထွက်ပေါက်ရှာဖွေနေကြသော တရုတ်အစိုးရအပါအဝင် ပြည်တွင်း/ပြည်ပအင်အားစုများအနေဖြင့် ဆိုခဲ့ပါအရှိတရားများကို အမှန်အတိုင်း ရှုမြင်ချဉ်းကပ်သင့်ပါသည်။ အာဏာသိမ်းစစ်အုပ်စု အာဏာသက်ဆိုးရှည်နေသရွေ့ တော်လှန်ရေးအင်အားစုများ၏ တော်လှန်ထိုးစစ်များသည်လည်း ဆက်လက်အသက်ဝင်နေမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

[1] NUCCမှာပါဝင်မှု CRPHဘက်ကယာယီရပ်ဆိုင်းထား၊ Burma VJ ၊ ၁၄ ဇန်နဝါရီ ၂၀၂၆
[2] နိုင်ငံရေးဦးတည်ချက် ၆ ချက်နှင့် အနာဂတ် မြန်မာပြည်၊ BNI-MPM၊ ဖေဖော်ဝါရီ ၂၀၂၅
[3] တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ၊ BNI-MPM၊ ဇွန်  ၂၀၂၅
[4] ကော်သူးလေအစိုးရဖွဲ့စည်းရေးနှင့် KNU ၏ စစ်‌ရေး နိုင်ငံရေး အရွေ့၊ BNI-MPM၊ ဇူလိုင် ၂၀၂၅
[5] မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)ဖွဲ့ခြင်း၊ ၂၈ နိုဝင်ဘာ ၂၀၂၅
[6] စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ၂၃ ဒီဇင်ဘာ ၂၀၂၅
[7] ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် အတည်ပြုခန့်အပ်ခြင်း၊ ၂၆ ဒီဇင်ဘာ ၂၀၂၅
[8] ရှီကျင့်ဖျင်၏သဘောတူညီချက်ကြောင့် စစ်တပ်ရွေးကောက်ပွဲလုပ်နိုင်ခြင်းဟု တရုတ်သံတမန်ဆို၊ မြန်မာနောင်း၊ ၃၀ ဒီဇင်ဘာ ၂၀၂၅