
၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းဖြစ်တည်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ၅ နှစ်ကျော် ကြာမြင့်လာခဲ့သော နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ပြည်သူများ၏စိတ်နှလုံးကို လှုပ်နှိုးနိုင်ခဲ့သည့် အစုအဖွဲ့သစ်တစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
မဏ္ဍိုင် (၃) ရပ်ဖြင့် ဖွဲ့စည်းထားသည့် SCEF ၏ အဓိကနိုင်ငံရေးရည်မှန်းချက် (၆) ရပ်ကမူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် K2C+NUG ၁ ၏ ဘုံသဘောထားရပ်တည်ချက်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Bottom-up Federalism ချဉ်းကပ်မှုဖြင့် အဖွဲ့ (၉) ဖွဲ့ ၂ ၏ သဘောထား၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် 2C3N ၃ ၏ ပူးတွဲကြေညာချက် စသော ဘုံသဘောထားရပ်တည်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ခြားနားမှုတစုံတရာ မတွေ့ရပေ။ သို့သော် SCEF ၏ ခြေလှမ်းများသည် သွက်သည်၊ လှုပ်သည်။ တွေ့သင့်တွေ့ထိုက်သော တော်လှန်အင်အားစုများနှင့် ခပ်မြန်မြန်ထိတွေ့ဆက်ဆံသည်။ ပြည်တွင်းတော်လှန်ရေးအင်အားစုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းရှိ တော်လှန်ပြည်သူများအကြား SCEF ကို မိတ်ဆက်သည်။ နိုင်ငံတကာအစိုးရ၊ သံတမန်အဝန်းအဝိုင်းအတွင်း SCEF အနေဖြင့် ထိုးဖောက်ဝင်ရောက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် SCEF ၏ ဖြစ်တည်မှု၊ ဖွဲ့စည်းပုံနှင့် ဦးတည်ရာ၊ SCEF ကြောင့် ပြောင်းလဲလာနိုင်သော တော်လှန်ရေး၏ စုဖွဲ့မှု၊ ပူးပေါင်းလှုပ်ရှားမှု စသည့် စစ်ရေး၊ နိုင်ငံရေး အရွေ့အပြောင်းများ၊ အလားအလာများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များအခြေပြုကာ လေ့လာတင်ပြသွားပါမည်။
SCEF ၏ ဖြစ်တည်မှု
လက်ရှိတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်၊ အသွင်ကူးပြောင်းမှုကာလအစီအမံများကို အတည်ပြုပြီး အသွင်ကူးပြောင်းရေးအစိုးရတရပ် ဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန်ဆိုသည့် ရည်မျှော်ချက်များအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်ဟုဆိုကာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)” ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များမဏ္ဍိုင် စသည့် မဏ္ဍိုင် (၃) ရပ်ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဟူသော ရည်မှန်းချက်သည် SCEF ၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်စွာ ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စတင်ခြင်းဖြစ်ကြောင်း SCEF က ကြေညာထားသည်။

တရားဝင်ကြေညာချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် SCEF ၏ ကနဦးအုတ်မြစ်အဖွဲ့အစည်းများအဖြစ် မှတ်ယူနိုင်သော်လည်း အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များမဏ္ဍိုင်အတွင်းရှိ အစုအဖွဲ့လစ်လပ်နေသည်ကို တွေ့ရပါသည်။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၃ ရက်၊ ၁၄ ရက်နေ့များတွင်တော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့လည်း SCEF တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။
ထို့ကြောင့် SCEF ၏ မဏ္ဍိုင်အလိုက် စုဖွဲ့ပါဝင်မှုအဖြစ် မဏ္ဍိုင် (၁) ဖြစ်သည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်တွင် ERO (၄) ဖွဲ့နှင့် ဖက်ဒရယ်ယူနစ် (၂) ခုကိုတွေ့ရှိရပြီး မဏ္ဍိုင် (၂) ဖြစ်သည့် ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်တွင် CRPH နှင့် NUG တို့ကို တွေ့ရှိရသော်လည်း အဖွဲ့အစည်းဆိုင်ရာ ထောက်တိုင်တစ်ခုအဖြစ် ထည့်သွင်းထားသော အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များမဏ္ဍိုင်အတွင်းရှိ ကိုယ်စားပြုအစုအဖွဲ့ကမူ လစ်လပ်နေဆဲဖြစ်ပါသည်။
SCEF ၏ ခြေလှမ်းများ
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် SCEF ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပြီး မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ SCEF ကောင်စီဝင်များ တက်ရောက်ခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်ကို အစည်းအဝေးသဘာပတိအဖြစ် ရွေးချယ်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် မေလ ၁၃ ရက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလအစိုးရတို့အား တွေ့ဆုံဆွေးနွေးခြင်း၊ မေလ ၁၄ ရက်တွင် မန္တလေးဒေသလွှတ်တော်နှင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ တို့အား တွေ့ဆုံဆွေးနွေးခြင်း၊ မေလ ၁၆ ရက်တွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့အား တွေ့ဆုံဆွေးနွေးခြင်း၊ ဇူလိုင်လ ၂၀ ရက်တွင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခြင်း၊ ဇူလိုင်လ ၂၁ ရက်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) တို့မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခြင်း၊ ဇူလိုင်လ ၂၂ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/ PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခြင်း၊ ဇူလိုင်လ ၂၃ ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခြင်း စသည်ဖြင့် SCEF ၏ တွေ့ဆုံဆွေးနွေးရေး၊ ညှိနှိုင်းတိုင်ပင်ရေးနှင့် စည်းရုံးရေးခြေလှမ်းများကို ဆက်တိုက်တွေ့ရှိရပါသည်။

၂၀၂၆ ခုနှစ် သြဂုတ်လ ၇ ရက်တွင်တော့ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီတို့အကြား ပူးတွဲအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ (၂) ဦး၊ အတွင်းရေးမှူး (၁) ဦးနှင့် တွဲဖက်အတွင်းရေးမှူး (၂) ဦးတို့ကို ရွေးချယ်တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။
အခြားတဖက်တွင်တော့ နိုင်ငံ (၂၄) နိုင်ငံမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် SCEF ၏ သံတမန်ဆိုင်ရာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါရှင်းလင်းပွဲသည် ဒေသတွင်းအပြင် နိုင်ငံတကာမိတ်ဖက်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်သို့ ဦးတည်နိုင်မည့် လမ်းကြောင်းများပေါ်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ဆောင်ရွက်နေမှုများ၏ တစိတ်တပိုင်းလည်းဖြစ်ကြောင်း SCEF က ဆိုပါသည်။
ထို့နောက် ကနေဒါနှင့် ဂျပန်နိုင်ငံများသို့ SCEF ၏ နိုင်ငံခြားရေးရာကိုယ်စားလှယ်အဖွဲ့များ ခြေဆန့်ကာ သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာတိုင်းရင်း သားလူမှုအသိုက်အဝန်းများထံ SCEF အကြောင်း မိတ်ဆက်ခြင်း၊ စည်းရုံးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိသော ဦးဆောင်မှုဖြင့် တော်လှန်အင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများအား အကောင်အထည်ဖော်ဆောင်သွားမည်ဟူသော SCEF ၏ ကတိကဝတ်သည် စောင့်ကြည့်ချင်စရာ ဖြစ်လာသည်။
SCEF ၏ ဖွဲ့စည်းပုံနှင့် ဦးတည်ရာ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက SCEF ဖွဲ့စည်းနိုင်ရေးအတွက် စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းများ၏ မတူညီသော နိုင်ငံရေးယဉ်ကျေးမှု၊ စစ်ရေးတည်ဆောက်ပုံနှင့် သမိုင်းကြောင်းအရ နာကြည်းချက်များကြောင့် နှစ်နှင့်ချီကာ အချိန်ယူခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော K2C+NUG ၏ “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံသဘောထားရပ်တည်ချက်” သည် SCEF ၏ ပထမခြေလှမ်းဖြစ်ခဲ့သည်ဟုပင် SCEF အတွင်းရေးမှူးအဖွဲ့၏ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ဆိုသည်။ ၄
SCEF ၏ ဖွဲ့စည်းပုံကို လေ့လာကြည့်ပါက ကိုယ်စားလှယ် (၇) ဦးဖြင့် ဖွဲ့စည်းထားသော မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့သည် SCEF ၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သည်။ အဆိုပါကော်မတီ၏အောက်တွင် အတွင်းရေးမှူးအဖွဲ့ရှိပြီး အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်အရာရှိ (၁၂) ဦးဖြင့် ဖွဲ့စည်းထားကာ SCEF ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခွင့် အပြည့်အဝပေးထားသည်ဟု ဆိုပါသည်။ ယင်းအတွင်းရေးမှူးအဖွဲ့အား ထောက်ကူပံ့ပိုးနိုင်ရန်အတွက် နိုင်ငံခြားရေးရာ၊ ဘဏ္ဍာရေးရာ၊ ဖက်ဒရယ်ရေးရာ၊ လုံခြုံရေးနှင့်ပြည်ထဲရေးရာကော်မတီ စသည့် ကော်မတီ (၄) ခုကိုထားရှိကာ ရန်ပုံငွေအရင်းအမြစ်များ မျှတစွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် နိုင်ငံတကာစင်မြင့်ထက်တွင် တသံတည်းထွက်နိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်သည်။

အခြားတဖက်တွင်တော့ အတွင်းရေးမှူးအဖွဲ့နှင့်အပြိုင် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီကို SCEF အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်တပ်မှူး (၁၀) ဦးဖြင့် ဖွဲ့စည်းကာ စစ်ဆင် ရေး၊ စစ်လက်နက်တပ်ဆင်ရေးနှင့် ထောက်ပို့လုပ်ငန်းများကို တာဝန်ယူရမည်ဖြစ်ပြီး မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ထံ တိုက်ရိုက်အစီရင်ခံရမည်ဖြစ်ကြောင်း SCEF အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ဆိုပါသည်။
SCEF နှင့် တော်လှန်ရေး အရွေ့အပြောင်းများ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ထွက်ပေါ်လာခြင်းကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဦးဆောင်ပါဝင်မှုကို သိသာထင်ရှားစေခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည်လည်း SCEF အတွင်း အစိတ်အပိုင်းတစ်ခုမျှသာရှိတော့သည်ကို တွေ့ရသည်။ အထူးသဖြင့် NUG ပြုပြင်ပြောင်းလဲရေးကိုပါ SCEF က တစိတ်တပိုင်း အထောက်ကူပြုနေသည်ဟု ဆိုရမည်ဖြစ်သည်။
ကနဦးစုစည်းမှုအဖြစ် ERO အပါအဝင်အဖွဲ့အစည်း (၆) ခုသာပါဝင်ခဲ့သော်လည်း ဒေသအလိုက် တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းပါဝင်လာကြမည့် အရိပ်အယောင်များကို အထင်အရှားတွေ့မြင်နေ ရပါသည်။ အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဖိအားပေးတော်လှန်တိုက်ပွဲဝင်နေကြသည့် တော်လှန်အင်အားစုများအား စုစည်းညီညွတ်မှုခွန်အားနှင့် အရှိန်ပြင်းပြင်းခုတ်မောင်းနိုင်ရေးအတွက် SCEF ၏ ဦးဆောင်နိုင်စွမ်း၊ ချိတ်ဆက်ညှိနှိုင်းနိုင်စွမ်းနှင့် ယုံကြည်မှုတည်ဆောက်နိုင်စွမ်းတို့ကို စောင့်ကြည့်ရမည်ဖြစ်သည်။
အခြားတဖက်ရှိ နွေဦးတော်လှန်ရေး၏ စစ်ရေးကဏ္ဍကို စေ့ငုကြည့်ပါက SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအတွင်းရှိ ဦးဆောင်မှုအရ ပူးတွဲဥက္ကဌနှစ်ဦးဖြစ်သည့် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ်နှင့် အတွင်းရေးမှူးဖြစ်လာသူ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကာကွယ်ရေးဝန်ကြီးတို့ဖြစ်ကြပြီး NUG –MOD နှင့် ERO (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ၏ ခေါင်းဆောင်များ ဖြစ်ကြပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေး၏ စစ်ရေးစစ်ရာအရွေ့အပြောင်းများအတွင်း တွေ့ရှိနေရသည့် NUG-MOD လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု၊ C3C ၏ ဦးဆောင်ကွပ်ကဲမှု၊ အဖွဲ့ (၁၉) ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ စုဖွဲ့မှုနှင့် အခြားသော ဒေသအလိုက် တပ်ပေါင်းစုများ၏ ပူးပေါင်းလှုပ်ရှားမှုများကို SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအနေဖြင့် မည်မျှ ပေါင်းစပ်ညှိနှိုင်းလှုပ်ရှားနိုင်မလဲဆိုသည်က စောင့်ကြည့်ချင်စရာ ဖြစ်နေပါသည်။
“နွေဦးတော်လှန်ရေး၏ စစ်ရေးစစ်ရာအရွေ့အပြောင်းများအတွင်း တွေ့ရှိနေရသည့် NUG-MOD လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု၊ C3C ၏ ဦးဆောင်ကွပ်ကဲမှု၊ အဖွဲ့ (၁၉) ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ စုဖွဲ့မှုနှင့် အခြားသော ဒေသအလိုက် တပ်ပေါင်းစုများ၏ ပူးပေါင်းလှုပ်ရှားမှုများကို SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအနေဖြင့် မည်မျှ ပေါင်းစပ်ညှိနှိုင်းလှုပ်ရှားနိုင်မလဲဆိုသည်က စောင့်ကြည့်ချင်စရာဖြစ်နေ . . . .”
သုံးသပ်တင်ပြချက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲမည်ဟု ဆိုပါသည်။ နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ERO များ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားအမြင်များကို ထင်ဟပ်ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် မတူကွဲပြားမှုများအပေါ် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း – one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံးကာ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းပြီး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း SCEF က တရားဝင်ကြေညာထားသည်။
ထို့ကြောင့် SCEF ပေါ်ထွက်ဖြစ်လာခြင်းသည် NUG ပြုပြင်ပြောင်းလဲရေးကို ထောက်ကူပံ့ပိုးနေသည်ဟု ရှုမြင်နိုင်သကဲ့သို့ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရ ပေါင်းစည်းမှု၊ စုဖွဲ့လှုပ်ရှားမှုများကို ပိုမိုအားကောင်းစေမည့် အလားအလာများဆီ ဦးတည်နေသော အရိပ်အယောင်များကို မြင်တွေ့နေရသည်ဟု ဆိုရပါမည်။
စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်အရေးအပါအဝင် တော်လှန်ရေး၏ ကဏ္ဍအစုံကို အရှိန်အဟုန်မြှင့်တင်ပြီး အသွင်ကူးပြောင်းရေးကာလအစီအမံများကို အတည်ပြုကာ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအထိ ဦးတည်နေသော SCEF ၏ မျှော်ရည်ချက်များကို ထောက်ရှုကြည့်ပါက စစ်အာဏာသိမ်းကာလ (၅) နှစ်ကျော်အတွင်း တွေ့ရှိခဲ့ရသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွင်း အလုံးစုံပြုပြင်ပြောင်းလဲရေးဆီသို့ အရှိန်မြှင့်ချီတက်နေသည်ကို တွေ့ရှိရကြောင်း တင်ပြအပ်ပါသည်။
“စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်အရေးအပါအဝင် တော်လှန်ရေး၏ ကဏ္ဍအစုံကို အရှိန်အဟုန်မြှင့်တင်ပြီး အသွင်ကူးပြောင်းရေးကာလအစီအမံများကို အတည်ပြုကာ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအထိ ဦးတည်နေသော SCEF ၏ မျှော်ရည်ချက်များကို ထောက်ရှုကြည့်ပါက စစ်အာဏာသိမ်းကာလ (၅) နှစ်ကျော်အတွင်း တွေ့ရှိခဲ့ရသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွင်း အလုံးစုံပြုပြင်ပြောင်းလဲရေးဆီသို့ အရှိန်မြှင့်ချီတက်နေသည်ကို တွေ့ရှိရကြောင်း . . . .”
၁။ K2C+NUG : ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
၂။ အဖွဲ့ (၉) ဖွဲ့ : CNF၊ KNPP၊ KNU၊ ကရင်နီ အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)
၃။ 2C3N : ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် NUG
၄။ Myanmar’s Resistance Finally Has a Unified Front ၊ The Diplomat ၊ ၁၃ သြဂုတ် ၂၀၂၆