
၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့၊ အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်တစ်စောင်သည် ပြည်သူလူထုအကြား မျက်လုံးပြူး၊ ခေါင်းထောင်သွားရသည်အထိ စိတ်ဝင်စားမှု မြင့်တက်သွားခဲ့သည်။ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခတပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဟူသော အာရက္ခပြည်သူသို့ အသိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာရက္ခတပ်တော် (AA) ဒေသတွင်း နယ်မြေထိန်းချုပ်ထားမှုအခြေအနေများ၊ ဆက်လက်ချီတက်နေသည့် လှုပ်ရှားမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
နယ်မြေထိန်းချုပ်မှု အခြေအနေ

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ ပေါက်တောမြို့မှစတင်ပြီး အာရက္ခတပ်တော် (AA) ၏ မြို့ သိမ်းဖြစ်စဉ်များသည် ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့၊ ငပလီမြို့သိမ်းဖြစ်စဉ်အထိ ရခိုင်ပြည်နယ်တဝှမ်း မြို့ပေါင်း (၂၅) မြို့အထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
မြို့ပေါင်း (၂၈) မြို့နှင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း (၂၅) မြို့ကို ထိန်းချုပ်သိမ်းပိုက်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အားလုံး၏ (၈၉) ရာခိုင်နှုန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီဟု ဆိုနိုင်ပါသည်။
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ မြို့နယ် (၁၄) ခုကို AA က တင်းပြည့်ကျပ်ပြည့် ထိန်းချုပ်ထားပြီး ရေနက်ဆိပ်နှင့် အထူးစီးပွားရေးဇုန်စီမံကိန်းရှိ ကျောက်ဖြူမြို့နယ်ကို တစိတ်တပိုင်း ထိန်းချုပ်ထားသည်ကို တွေ့ရသည်။ အာဏာသိမ်းစစ်တပ်သည် စစ်တွေနှင့် မာန်အောင်နှစ်မြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင်ရှိကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ရခိုင်တပြည်လုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဟူသော အာရက္ခတပ်တော်၏ ကြေညာချက်သည် အချက်အလက်အရ လက်ခံဖွယ်ရာရှိသည်ဟု ဆိုရပါမည်။
AA ၏ လက်ရှိလှုပ်ရှားမှုများ
ရခိုင်တပြည်နယ်လုံး အလုံးဆုံးထိန်း ထိန်းချုပ်နိုင်ရေး ဦးတည်လှုပ်ရှားနေသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေများအား ထိန်းချုပ်မှုမစခင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်အတွင်းမှ ပလက်ဝမြို့နှင့် စနဲမြို့တို့ကို စတင်သိမ်းပိုက်ခဲ့သည်။ တဆက်တည်းတွင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့အတွင်းရှိ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်တော်လှန်ရေးနေကြသော ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ ထိုးစစ်ဆင်ဖိအားပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ BNI-MPM ၏ မှတ်တမ်းအရ အာရက္ခတပ်တော်ဦးဆောင်သည့် ဒေသအလိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်စဉ်ပေါင်း (၁၉၁) ခုရှိခဲ့ပြီး မကွေးတိုင်း ငဖဲမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူမြို့နယ်ပြီးလျှင် ဒုတိယမြောက် တိုက်ပွဲဖြစ်ပွားမှုများဆုံး မြို့နယ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ တဆက်တည်းတွင် ပဲခူးတိုင်းအနောက်ခြမ်း ပန်းဒေါင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာ၊ ပုသိမ်နှင့် သာပေါင်းမြို့နယ်များသည်လည်း AA နှင့် ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားနယ်မြေများ ဖြစ်လာသည်။

ထို့ကြောင့် အာရက္ခတပ်တော်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ဒေသတွင်းမဟာမိတ်စုဖွဲ့လှုပ်ရှားမှုများကို ထောက်ရှုကြည့်ပါက ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့သည် AA ထိုးစစ်၏ ဦးတည်ရာအဖြစ် တွေ့ရှိရသည်။ တဆက်တည်းတွင် ၎င်းတို့ နယ်မြေပိုင်စိုးထိန်းချုပ်ထားသည့် အာရက္ခဒေသ လုံခြုံရေးနှင့် အနာဂတ်အစီအစဉ်များအတွက် အာဏာသိမ်းစစ်တပ် ထိုးဖောက်လာနိုင်ချေရှိသော ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စသည့် ဒေသများအတွင်းတွင်လည်း ဒေသခံတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တည်ဆောက်ကာ စစ်ရေးအရ အကူအညီပေးမှုများနှင့်အတူ ဦးဆောင်မှုအခန်းကဏ္ဍမှ ပူးပေါင်းလှုပ်ရှားလျက်ရှိသည်ကို တွေ့ရပါသည်။
တင်ပြချက်
လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်အစပ်ရှိ ကံ့ကော်ကျွန်း၊ ဝါဘို၊ တောကန်ရွာအနီးတဝိုက်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါသည်။ ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ ရခိုင်ရိုးမအစပ်ရှိ အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် တောင်ကုန်းနှစ်ခုအား AA နှ့င် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဖြစ်သည်။ ထို့ကြောင့် AA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ အာဏာသိမ်းစစ်တပ်ကိုဦးတည်သော စစ်ရေးလှုပ်ရှားမှုများသည် ရပ်တန့်နေခြင်းမရှိဘဲ ဆက်လက်သက်ဝင်နေဆဲဖြစ်သည်ဟု ဆိုရပါမည်။
အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်တဝှမ်းလုံးရှိ လက်ကျန်နယ်မြေများအတွက် အဆုံးအဖြတ်တိုက်ပွဲများကို ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်မကုန်မီ အဆုံးသတ် အောင်ပွဲခံနိုင်ရန် ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်နေကြောင်း ယခုနှစ် ဧပြီလ (၁၀) ရက်တွင် ရခိုင်လူထုထံ အသိပေးခဲ့သည်။
သို့သော် အာရက္ခတပ်တော်အနေဖြင့် ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာနိုင်ငံတဝှမ်းရှိ အခြားသောဒေသများနည်းတူ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ တဆက်တည်းတွင် မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လှုပ်ရှားနေသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSO)၊ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့၏ လှုပ်ရှားမှုများကြောင့် ဒေသခံများ၏ လုံခြုံရေးအပါအဝင် အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးယန္တရားများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု ဆိုရပါမည်။
မည်သို့ဆိုစေ အာရက္ခတပ်တော်၏ ရခိုင်တပြည်လုံးနီးပါးထိန်းချုပ်နိုင်ရေး လက်တကမ်းအလို ရောက်ရှိနေပြီဟူသော ကြေညာချက်သည် ဝါဒဖြန့်မှုသက်သက်မဟုတ်ကြောင်း နယ်မြေထိန်းချုပ်မှုဆိုင်ရာ အချက်အလက်များက သက်သေပြနေသလို အရှိန်မြှင့်လာသော စစ်ရေးလှုပ်ရှားမှုများကလည်း AA ၏ ရည်မှန်းချက်များကို ထင်ဟပ်နေစေကြောင်း တင်ပြအပ်ပါသည်။