
နိဒါန်း
ကျယ်ပြန့်ခိုင်မာသော မဟာမိတ်တပ်ပေါင်းစုနှင့် ထိရောက်အားကောင်းသော ကွပ်ကဲမှုယန္တရားတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်းလိုက်ပါပြီ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို စုစည်းညီညွတ်မှုအားဖြင့် အကောင်အထည်ဖော်သွားကြမည်ဟုလည်း တပ်ပေါင်းစုတွင်ပါဝင်သော တော်လှန်ရေးအဖွဲ့ (၁၉) ဖွဲ့က ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။
BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုဖြစ်တည်မှု၊ တပ်ပေါင်းစုအဖွဲ့များနှင့် နိုင်ငံတဝှမ်း လွှမ်းခြုံဖြန့်ကျက်နိုင်စွမ်းတို့ကို အချက်အလက်များအခြေပြုကာ လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းဖြစ်တည်ခြင်း

၂၀၂၅ ခုနှစ် မေလတွင် တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ဖြင့် ညှိနှိုင်းမှုစတင်ခဲ့သည့် တပ်ပေါင်းစုအမြုတေသည် ပိုမိုအားကောင်းလာခဲ့ရာ နိုဝင်ဘာလပထမအပတ်တွင်တော့ တော်လှန်ရေးအဖွဲ့ (၁၄) ဖွဲ့ပါဝင်ပြီး ကနဦး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်ခဲ့သည်။ ထိုမှတဆင့် ဘုံသဘောတူညီချက်များရရှိကာ ထပ်မံဖိတ်ကြားသင့်သည့်အဖွဲ့များကို ဖိတ်ခေါ်ပြီး တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံတစ်ရပ်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။
အဆိုပါညီလာခံမှတဆင့် အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ (၁၉) ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစု၏ ဖွဲ့စည်းပုံစည်းမျဉ်းများ အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် တော်လှန်ရေးကတိကဝတ်များ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် SRA က တရားဝင်ထုတ်ပြန်ခဲ့သည်။ တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း မူဝါဒသတ်မှတ်ချက်များနှင့်အညီ ထပ်မံဖိတ်ခေါ်သွားမည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုတရပ်လုံးအပေါ် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဗျူဟာမြောက်တွန်းလှန်သွားနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးတပ်ဖွဲ့များအကြား စုစည်းညီညွတ်မှုအားကို အခြေပြုကာ ပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးလိုလားချက်များရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးကတိကဝတ် (၄) ချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် တပ်ပေါင်းစုအဖွဲ့ဝင်များက လက်မှတ်ရေးထိုးခဲ့ကြပါသည်။
တပ်ပေါင်းစုအဖွဲ့များနှင့် နိုင်ငံတဝှမ်းလွှမ်းခြုံနိုင်စွမ်း
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် (၁၉) ဖွဲ့တွင် 96 Soldiers PDF ၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force for Federal Democracy (FFD) ၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) (PNDF-KK) / ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါင်) (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA) နှင့် ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်နေသည်။
တပ်ပေါင်းစုအဖွဲ့တပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားရာနယ်မြေများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံတဝှမ်းလုံး ဖြန့်ကျက်နိုင်စွမ်း၊ ချိတ်ဆက်လှုပ်ရှားနိုင်စွမ်းရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။ DPLF၊ PNDF-KK/PPDF-KD နှင့် PIA တို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည်တောင်ပိုင်းဒေသမှ ကရင်နီပြည် (ကယား) နယ်စပ်အထိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်လှုပ်ရှားနိုင်သကဲ့သို့ ရှမ်းမြောက်ပိုင်း နောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အထိ ခြေဆန့်နိုင်ပါသည်။ ကရင်နီပြည် (ကယား) နယ်တွင်တော့ ကရင်နီဒေသတွင်း တော်လှန်ရေးတပ်ပေါင်းစုံ (KRF) ကို ဦးဆောင်ကာ အာဏာသိမ်းစစ်အုပ်စုအား ဖိအားပေးထားနိုင်သည့် KNDF အပြင် FFD နှင့် PIA တို့ လှုပ်ရှားလျက်ရှိပါသည်။

ကရင်ပြည်နယ်ဘက်ကိုဆန့်ကြည့်ပါက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးဆောင်မှုနှင့်အတူ BPLA ၊ 96 Soldiers PDF နှင့် FFD တို့သည် တိုက်စွမ်းရည်ရင့်မာလာကြပြီဖြစ်သည်။ မွန်ပြည်နယ်အတွင်းတွင်တော့ SAR အဖွဲ့ဝင် MSRF သည် အခြားသော ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနိုင်မှု အလွန်အားကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် မွန် – တနင်္သာရီ တော်လှန်ရေးအင်အားစုများ ပူးပေါင်းလှုပ်ရှားခဲ့သည့် မိုးကြိုးစစ်ဆင်ရေး (၂) တွင်ပင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) (တပ်ရင်း – ၁)၊ ထားဝယ်ခရိုင် PDF အမှတ် (၂) တပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းဒေသများဘက်တွင်တော့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA) ၏ အဖွဲ့ဝင်တပ်ဖွဲ့ (၁၀) ထက်မနည်း လှုပ်ရှားလျက်ရှိသည်ဟု ဆိုရပါမည်။ 96 Soldiers PDF ၊ BA ၊ BPLA ၊ Magway PDF ၊ BDLF ၊ KRF ၊ GZA ၊ NLA ၊ PIA ၊ Sagaing PDF ၊ YA ၊ YDF စသည့် တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွင်း အခြားသော ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအတူ ပူးပေါင်းအာဏာသိမ်းစစ်တပ်အား အပြင်းထန်ဆုံး ဖိအားပေးလှုပ်ရှားနေသည့် တပ်ဖွဲ့များဖြစ်သည်။ ဆိုခဲ့ပါတပ်ဖွဲ့များသည်ပင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံများ ရရှိထားကြသကဲ့သို့ စစ်ကိုင်း၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်အတွင်းရှိ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်း ဒေသတွင်း မဟာမိတ်တော်လှန်ရေးတပ် ဖွဲ့များနှင့်အတူ ပူးပေါင်းလှုပ်ရှားခဲ့သည့် အတွေ့အကြုံကောင်းများ ရရှိထားကြပြီဖြစ်သည်။ အထူးသဖြင့် တပ်ပေါင်းစုအဖွဲ့ဝင် CB ၏ ချင်းပြည်နယ်တခွင် မြို့သိမ်းဖြစ်စဉ်များတွင်လည်း 96 Soldiers PDF ၊ GZA ၊ KRF ၊ NLA ၊ YDF စသည့် တပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားခဲ့ကြပါသည်။
ထို့အပြင် SRA အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားတပ်မတော် (KA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ အာရက္ခတပ်တော် (AA) စ သည့် ERO များ၏ ထောက်ကူပံ့ပိုးမှု၊ မဟာမိတ်အဖြစ် အသိအမှတ်ပြုမှုများ ရရှိထားကြသကဲ့သို့ အဆိုပါ ERO များ၏ ဦးဆောင်မှုနှင့်အတူ အာဏာသိမ်းစစ်တပ်အား တော်လှန်ထိုးစစ်များ အကြိမ်ကြိမ်ဆင်နွှဲခဲ့ကြပြီးလည်း ဖြစ်ပါသည်။
တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူများကတော့ SRA တပ်ပေါင်းစုအဖွဲ့ဝင်အားလုံး၏ စစ်သည်အင်အားသည် ၁၅၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံတဝှမ်းလုံးကို ဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ ဖြန့်ကျက်လှုပ်ရှားနိုင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် ချိတ်ဆက်ပြီး အရပ်သားပြည်သူ ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် စစ်ကောင်စီ၏ အဓိကယန္တရားများကို ဦးတည်ပစ်မှတ်ထားကာ ထိရောက်အောင်တိုက်ခိုက်နိုင်သည့် စစ်ရေးစီမံချက်များဖြစ်ရမည်ဟု SRA ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါသည်။ [1]


တပ်ပေါင်းစုအတွက် အဖွဲ့ဝင်တော်လှန်ရေးတပ်ဖွဲ့အသစ်များကို သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ ဖိတ်ခေါ်တိုးချဲ့သွားမည်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၏ ကွပ်ကဲမှုအောက်တွင် မရှိသော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်တွင်မရှိသော တော်လှန်ရေးအင်အားစုများကို ရည်ရွယ်စုစည်းခြင်းဖြစ်သည်။ ထိုအတွက် NUG အပါအဝင် အချို့သော ERO များနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ကြိုဆိုသည့် သဘောထားအမြင်များ ရရှိထားသည်ဟု SRA ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ကိုမင်းဟန်ထက်က ဆိုပါသည်။ [2] ခွန်းဘီထူးကလည်း တပ်ပေါင်းစု၏ အဖွဲ့ဝင်သစ်များအဖြစ် နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ (၁၀) ဖွဲ့ထက်မနည်း ပါဝင်လာလိမ့်မည်ဟု ယုံကြည်ထားပါသည်။
တင်ပြချက်
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တွင် အဖွဲ့ဝင်တော်လှန်ရေးတပ်ဖွဲ့များမှ အချိုးကျပါဝင်သည့် ကိုယ်စားလှယ်များဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ယင်းကော်မတီမှတဆင့် တပ်ပေါင်းစု၏ လုပ်ငန်းစဉ်နှင့် စစ်ဆင်ရေးစီမံချက်များကို ဆုံးဖြတ်အကောင်အထည်ဖော်သွားမည်ဟု သိရပါသည်။
ERO များ၏ ကွပ်ကဲမှု၊ NUG ၏ ကွပ်ကဲမှုအောက်တွင်မရှိသော တော်လှန်ရေးတပ်ဖွဲ့များကို စုစည်းခြင်းကို ထောက်ရှုကြည့်ပါက SRA သည် အာဏာသိမ်းစစ်အုပ်စုအတွက် အကြပ်ရိုက်စေမည့် တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့ကွပ်ကဲမှုအသစ်ဟု ဆိုရမည်ဖြစ်သည်။
မည်သို့ဆိုစေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းကြောင်းကြေညာချက်သည် သန်းခေါင်းယံအချိန် အလင်းတန်းတစ်စင်း လင်းလက်ဖြတ်သန်းသွားသလိုမျိုး လူအများ၏ စိတ်ဝင်စားမှုကို ရရှိစေခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုအား တတ်စွမ်းသမျှ ကြိုးပမ်းတိုက်ခိုက်နေကြသည့် အခြားသော တော်လှန်ရေးအင်အားစုများကလည်း ထောက်ခံကြိုဆိုခဲ့ကြသလို ပူးပေါင်းလက်တွဲလိုသည့် သဘောထားများကိုလည်း အသီးသီးပြသခဲ့ကြသည်ကို တွေ့ရသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းနိုင်ခြင်းသည် ERO များ၏ ကွပ်ကွဲမှု၊ NUG ၏ ကွပ်ကဲမှုအောက်တွင်မရှိဘဲ ပြန့်ကျဲနေသော နယ်မြေဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့များကို အချိန်မီစုစည်းနိုင်ရေးအတွက် လမ်းသစ်တစ်ခု ပွင့်သွားခြင်းဖြစ်သည်။ လက်နက်၊ လူသူအင်အား ကျဲပြန့်ချိနဲ့ကာ အားမတန်မာန်လျော့ပြီး အာဏာသိမ်းစစ်အုပ်စုထံ ဒူးထောက်အညံ့ခံကြရမည့် တော်လှန်ရေးတပ်ဖွဲ့များအတွက် အားသစ်အင်သစ် လင်းလက်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ERO များ၏ ကွပ်ကဲမှု၊ NUG ၏ ကွပ်ကဲမှုနှင့် SRA ကွပ်ကဲမှုဟူသော စုဖွဲ့ကွပ်ကဲမှု (၃) ခုသာ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများကို ဟန်ချက်ညီလုပ်ဆောင်လာပါက နွေဦးတော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အပြောင်းများသည် အားကောင်းမောင်းသန်ဖြင့် ကြီးမားကျယ်ပြန့်လာနိုင်ပါသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင် တပ်ပေါင်းစု၏ ကြီးမားကျယ်ပြန့်သော စစ်ဆင်ရေးကြီးများကို အချိန်တိုအတွင်း ပေါ်ပေါက်လာဖို့ မျှော်လင့်နိုင်ဦးမည်မဟုတ်သော်လည်း တပ်ပေါင်းစု၏ စုစည်းညီညွတ်မှုခွန်အားသည် အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ပြင်ဆင်နေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် ခြောက်ခြားဖွယ် အိပ်မက်ဆိုးတစ်ခု ဖြစ်စေနိုင်ပါသည်။
ကိုမင်းဟန်ထက်ကမူ “တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်” ဆိုသည့် ကြွေးကြော်သံအတိုင်း အောင်ပွဲရသည်အထိ ချီတက်ပါမည်ဟု တပ်ပေါင်းစုကိုယ်စား ကတိပြုထားပါသည်။
[1] “စစ်တပ်ဆီ ဒူးထောက်မယ့်အဖွဲ့တွေ မဖြစ်အောင် အခုကတည်းက ကြိုတင် မိတ်ဖွဲ့ ညှိနှိုင်းကြတာဖြစ်တယ်” ခွန်းဘီထူး (SRA ပြောရေးဆိုခွင့်ရှိသူ၊ KNDF ဥက္ကဋ္ဌ) ၊ မဇ္စျိမ၊ ၁၆ ဒီဇင်ဘာ ၂၀၂၅
[2] “ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေ ပေါ်လာမှာဖြစ်တယ်” ၊ Myanmar Now ၊ ၁၆ ဒီဇင်ဘာ ၂၀၂၅