(၄) နှစ်ပြည့် ခုခံတော်လှန်စစ် အရွေ့အပြောင်းများ

By MPM 17 စက်တင်ဘာ, 2025 👁

နိဒါန်း

မြန်မာနိုင်ငံတဝှမ်း “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ခုခံတော်လှန်စစ်ဆင်နွှဲကြရန် တပ်လှန့်နိုးဆော်ခြင်းသည် (၄) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ အနှီ(၄) နှစ်တာကာလအတွင်း နိုင်ငံရေးအချိုးအကွေ့များ၊ တော်လှန်ရေးလှိုင်း အနိမ့်အမြင့်များကို ဖြတ်သန်းခဲ့ရင်း “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” အခြေအနေမျိုးဖြင့် ရှေ့ဆက်နေကြရသည်ဟု ဆိုပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် (၄) နှစ်ပြည့် ခုခံတော်လှန်စစ်၏ အရွေ့အပြောင်းများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

ပြည်သူ့ခုခံတော်လှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာ

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) က “ပြည်သူ့ ခုခံတော်လှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာ” ကို ထုတ်ပြန်ခဲ့သည်။ ပြည်သူ့ခုခံတော်လှန်စစ် (၄) နှစ်တာကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အရေးနိမ့်မှုများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးထိန်းချုပ်မှုအခြေအနေများကို တော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှုများအဖြစ် အစီရင်ခံစာက တင်ပြထားသည်။

နိုင်ငံရေးတွင် စစ်တပ်၏ ဦးဆောင်ပါဝင်နေခြင်းကို တော်လှန်ရေးအင်အားစုများအကြား တညီတညွတ်တည်း ပယ်ချကြပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ရွေးကောက်ပွဲနှင့် NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကအစ ဘာကိုမျှ လက်ခံမည်မဟုတ်ဘဲ စနစ်ပြောင်းရေးအတွက်သာ တော်လှန်ရေးအင်အားစုများအနေဖြင့် သန္နိဌာန်ချကာ ဦးတည်တိုက်ပွဲဝင်နေကြပြီဟု ဆိုပါသည်။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စုအတွက် ပြည်သူလူထု၏ ထောက်ခံယုံကြည်မှုဆုံးရှုံးရခြင်းနှင့် စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း စစ်အုပ်စု၏ အဓိကတိုက်ခိုက်ရေးအင်အားများ ဆုံးရှုံးရခြင်းတို့သည် ဖုံးမနိုင်ဖိမရအခြေအနေမျိုးအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ အာဏာသိမ်းစစ်အုပ်စုအတွက် တိုင်းစစ်ဌာနချုပ် (၂) ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) (၁) ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) (၅) ခု၊ စစ်ဗျူဟာအခြေချစခန်း (၆) ခု၊ လေတပ်ဆွယ် (၂) ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း (၈၆) ခု၊ လက်ရုံးနောက်တန်းစခန်း (၅၄) ခု၊ နယ်ခြားစောင့်စခန်း (၁၇) ခု စုစုပေါင်းအခြေစိုက်ဌာနချုပ်စခန်း (၁၇၃) ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်အထိစာရင်းအရ နောက်တန်းတပ်ရင်းဌာနချုပ် (၁၀) ခု ထပ်မံကျရှုံးခဲ့ကြောင်း အစီရင်ခံစာက ဆိုပါသည်။ ထို့အပြင် သောင်းနှင့်ချီသော စစ်အုပ်စုလက်အောက်ခံ စစ်သား၊ ရဲသားနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချခြင်းခံရသည့် စစ်လေယာဉ်၊ ရဟတ်ယာဉ်များ၏ စာရင်းကိုလည်း ဖော်ပြထားပါသည်။

နယ်မြေစိုးမိုးမှုအပိုင်းတွင်တော့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ အပြည့်အဝ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများအဖြစ် တနိုင်ငံလုံး မြို့နယ်စုစုပေါင်း၏ (၁၆) ရာခိုင်နှုန်း၊ ဝိုင်းပတ်ထိန်းချုပ်ထားသည့် နယ်မြေများအဖြစ် တနိုင်ငံလုံး မြို့နယ်စုစုပေါင်း၏ (၂၄) ရာခိုင်နှုန်းရှိကြောင်း (၄) နှစ်ပြည့်အစီရင်ခံစာက ဆိုပါသည်။ တနိုင်ငံလုံးမြို့နယ် စုစုပေါင်း၏ (၂၁) ရာခိုင်နှုန်းတွင် နှစ်ဖက်စစ်ရေးပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အာဏာသိမ်းစစ်အုပ်စုမှ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများအဖြစ် တနိုင်ငံလုံးမြို့နယ် စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းသာရှိတော့သည်ဟု ဆိုပါသည်။

ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အရှေ့ဘက်တရုတ်နယ်စပ်မှ အနောက်ဘက် အိန္ဒိယနယ်စပ်အထိ သွားလာနိုင်သော မဟာဗျူဟာလမ်းပိုင်းများကို စိုးမိုးထိန်းချုပ်ထားနိုင်ခြင်းသည်လည်း အရေးပါသော တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအဖြစ် အစီရင်ခံစာက ဆိုပါသည်။ ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း (ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မယ်စဲ့၊ မောတောင်၊ မောင်တောနှင့် ရိဒ်ခေါဒါရ်စသော နယ်စပ်ကုန်သွယ်ရေးမြို့ (၁၁) မြို့ကို တော်လှန်ရေးအင်အားစုများက အပြည့်အဝ ထိန်းချုပ်ထားပြီး အိန္ဒိယနယ်စပ် တမူးမြို့ကိုလည်း ဝိုင်းပတ်ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု ဖော်ပြထားပါသည်။

NUG-MOD အနေဖြင့် ယနေ့အချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့ပေါင်း (၃၅၆) ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ယန္တရားကို မြို့နယ်ပေါင်း (၂၃၅) မြို့နယ်တွင် တည်ထောင်ထားနိုင်ခဲ့ပြီး မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်နိုင်ရန် ထောက်ကူနိုင်ခဲ့ကြောင်း အစီရင်ခံစာက ဆိုပါသည်။

သို့သော် စစ်လက်နက်ကိုယ်စီ တပ်ဆင်နိုင်မှု၊ ခဲယမ်းမီးကျောက်နှင့် ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များတွင် အားနည်းလျက်ရှိပြီး PDF တပ်ရင်းတပ်ဖွဲ့များအတွက် အဓိကစိန်ခေါ်မှုဖြစ်နေသကဲ့သို့ တိုက်စွမ်းရည်မြှင့်တင်ခြင်းအပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် စစ်ဆင်ရေးအဆင့် (Operational Level) ထက်ပိုမိုသော မဟာဗျူဟာအဆင့် (Strategic Level) ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် လိုအပ်ချက်များရှိနေကြောင်းလည်း တင်ပြထားပါသည်။

ခုခံတော်လှန်စစ်၏ အရွေ့အပြောင်းများ

မိမိတို့ BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်၊ ပြည်သူ့ခုခံတော် လှန်စစ်တပ်လှန့်ချိန်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်အထိ (၄) နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝှမ်း မြို့နယ် ပေါင်း (၂၄၂) မြို့နယ်တွင် တိုက်ပွဲဖြစ်စဉ်ပေါင်း (၆၃၃၂) ခုရှိခဲ့ပြီး တိုက်ပွဲအရှိန်သည် နှစ်အလိုက်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ (တိုက်ပွဲဖြစ်စဉ်များကို နေ့ရက်၊ မြို့နယ်အလိုက် မှတ်တမ်းပြုထားခြင်းသာဖြစ်ပြီး အကြိမ်ရေအားဖြင့်မူ ယခုထက် ပိုမိုများပြားနိုင်သည်။)

၂၀၂၁ ခုနှစ်၊ တစ်နှစ်တည်းတွင်ပင် ပြည်သူ့ခုခံတော်လှန်စစ် မကြေညာခင်နှင့် ကြေညာပြီးချိန်လများအတွင်း စစ်အုပ်စု အား ခုခံတော်လှန်စစ်အရှိန်အဟုန်သည် သိသာစွာ ပြောင်းလဲသွားခဲ့သည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခအရှိန်အဟုန် မြင့်တက်ပြင်းထန်လာသကဲ့သို့ စစ်မက်ဖြစ်ပွားရာ စစ်နယ် စစ်ဘောင်များလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်ကို တွေ့ရပါသည်။

ထို့ကြောင့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း (၄) နှစ်ပြည့်ကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အဟုန်သည် သိသာထင်ရှားစွာ ပြင်းထန်ကျယ်ပြန့်ခဲ့သည်ဟု ကောက်ချက်ချနိုင်ပြီး အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရ ကြီးမားစွာ ဖိအားပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

တဆက်တည်းတွင် တော်လှန်ရေးအင်အားစုများသည် အာဏာသိမ်းစစ်အုပ်စုထံမှ မြို့ပေါင်း (၉၄) မြို့အထိ အပြည့်အဝထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်ကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ အရေးဘက်ပေါင်းစုံမှ ဖိအားပေးနိုင်ရေး ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ (ERO) များ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နွေဦးတော်လှန်ရေးကာလတွင်မှ ဖြစ်တည်ပေါက်ဖွားလာကြသော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များအကြား တွေ့ဆုံဆွေးနွေးမှုများကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကတော့ အာဏာသိမ်းစစ်အုပ်စုအား အထွေထွေထိုးစစ်ဆင်နိုင်ရေးအတွက် ၎င်းတို့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင် တည်ဆောက်တပ်ဖြန့်ထားပြီဖြစ်ဟု ဆိုပါသည်။ “အထွေထွေထိုးစစ်ဆိုတာကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီ စစ်ဆင်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ ကျနော်နားလည်တယ်။ ဒီအလုပ်ကို လုပ်နိုင်ဖို့လဲ အခြေအနေပေးမှုတွေ၊ အခင်းအကျင်းတွေ ရှိထားပြီးဖြစ်ပါတယ်” ဟု ဦးရည်မွန်က ပြောပါသည်။

သုံးသပ်ချက်

(၄) နှစ်ပြည့် ခုခံတော်လှန်စစ်၏ အရွေ့သည် ပြင်းထန်ကျယ်ပြန့်သကဲ့သို့ မြန်ဆန်သည်ဟုလည်း ရှုမြင်နိုင်ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်လာသော “၁၀၂၇ စစ်ဆင်ရေး” ကလည်း ခုခံတော်လှန်စစ်၏ အရွေ့အလှုပ်များကို နိုးကြွစေခဲ့သည်ဟု ဆိုရပါမည်။ တနှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ နယ်မြေဆုံးရှုံးမှုများ၊ တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်စခန်းဆုံးရှုံးမှုများနှင့် ထောင်သောင်းချီသော စစ်သည်အင်အား ပြုန်းတီးမှုများကို မြင်တွေ့ခဲ့ရခြင်းသည်ပင် ခုခံတော်လှန်စစ်ရေး၏ အရွေ့ကို သက်သေပြုနေပါသည်။

သို့သော် ယင်းသို့ မြန်ဆန်ပြင်းထန်ကျယ်ပြန့်သော ခုခံတော်လှန်စစ်၏ စစ်ရေးအရွေ့နှင့်အတူ နိုင်ငံရေးအရအရွေ့သည် အထနှေးနေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေးအရ ဘုံသဘောတူညီချက်များနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ချဉ်းကပ်ပုံဖော်မှုများ ရရှိထားကြသော်လည်း နိုင်ငံရေးအရွေ့သည် အားယူနေရဆဲအခြေအနေဟု ဆိုရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်သည် အလွန်ထူးခြားသည့်နှစ်ဖြစ်သည်။ စစ်အုပ်စုကျင်းပမည့် ရွေးကောက်‌ပွဲအသစ်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများ၏ အထွေထွေထိုးစစ်ဆင်မှုများကို မြင်တွေ့ရဖွယ်ရှိနေပါသည်။ တဆက်တည်းတွင် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအသစ်အား ခြိမ်းခြောက်ဖိအားပေးနိုင်သည့်ဒေသများနှင့် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများအတွင်း အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုထားသည့် တော်လှန်ရေး၏ “ရှေ့နှစ်လှမ်းတိုး – နောက်တစ် လှမ်းဆုတ်” အခြေအနေတွင် ခုခံတော်လှန်စစ်၏အရွေ့သည် အတိုင်းအတာတခုအထိ ခရီးရောက်ခဲ့သည်ဟု ဆိုနိုင်သော်လည်း အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်နေကြသော တော်လှန်ရေးအင်အားစုအချင်းချင်းအကြား တစုတစည်းတည်း ဖြစ်တည်ရေးအတွက်မူ အရွေ့နှေးနေခဲ့ရပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုများ၏ “အထွေထွေထိုးစစ်ပြင်ဆင်ခြင်း” ကို ပြည်သူ့ခုခံတော်လှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြလာခဲ့သည်။ တော်လှန်ရေး၏ အလှည့်အပြောင်းအား ဖန်တီးနိုင်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင် ဟန်ချက်ညီ စစ်ဆင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်နေသည်ဟုလည်း ဆိုပါသည်။ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် ဦးဆောင်မှုကိုမြှင့်တင်ကာ စစ်အာဏာသိမ်းမှုအား ဖယ်ရှားပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်အတွက် ဦးတည်တိုက်ပွဲဝင်သွားမည်ဟုလည်း သန္နိဌာန်ပြုထားသည်ကို တွေ့ရသည်။

ထို့ကြောင့် (၄) နှစ်ပြည့် ခုခံတော်လှန်စစ်၏ အရွေ့သည် မြန်ဆန်သည်၊ ပြင်းထန်သည်၊ ကျယ်ပြန့်ခဲ့သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်သကဲ့သို့ ဆက်လက်ရွေ့လျားနေဆဲဟုလည်း သုံးသပ်ရပါသည်။

၁။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာ၊ NUG-MOD၊ ၇ စက်တင်ဘာ ၂၀၂၅
၂။ Myanmar Armed Conflict Dashboard , BNI-MPM, 9 Sep 2025