အဲန်ယူဂျီ၏ နိုင်ငံခြားရေးဗျူဟာ ဆန်းစစ်ချိန်တန်ပြီ

By MPM 28 စက်တင်ဘာ, 2025 👁

နိဒါန်း

တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံသို့ (၃) ရက်တာ အလုပ်သဘောခရီးစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံခင်းတမန်ခင်းချဉ်းကပ်မှုများကို မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်းရှိ သံရုံးယာယီတာဝန်ခံအား နှင်ထုတ်ခံရသည်အထိ စစ်အုပ်စု၏ ဖိအားပေးခြင်းကို ကြုံတွေ့ခဲ့ရသည့် တီမောလက်စ်တေ (အ‌ရှေ့တီမော) အစိုးရသည် ၎င်းတို့၏ အစိုးရသစ်ကျမ်းသစ္စာဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်ပြုကာ တက်ရောက်စေခဲ့ပြီး နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီမဟာမိတ်အဖြစ် ရပ်တည်ပြခဲ့ဖူးပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးချဉ်းကပ်မှုများနှင့် နိုင်ငံတကာမျက်နှာစာအတွင်း အရွေ့အတွန်းများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုပြီးလေ့လာတင်ပြသွားပါမည်။

လေးနှစ်ပြည့် NUG နိုင်ငံခြားရေးအရွေ့

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဖြစ်တည်လာခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တော်လှန်ရေးကာလမဟာဗျူဟာနည်းလမ်း (၆)ရပ်အနက် နိုင်ငံခြားရေးနည်းလမ်းသည် နံပါတ် (၂) ဦးစား ပေးနေရာမှ ပါဝင်ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော NUG နိုင်ငံခြားရေးဝန် ကြီးဌာနသည် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ထောက်ကူပံ့ပိုးသောနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မည်ဟု ကြေ ညာထားသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုအား ထောက်ခံအား ပေးသည့် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်ဆောင်ရွက်သွားမည်ဟုလည်း ရည်ရွယ်ထားသည်ကို တွေ့ရသည်။

NUG အား နိုင်ငံတကာတွင် အသိအမှတ်ပြုမှုရရှိရေး၊ အာဏာသိမ်းစစ်အုပ်စုအား နိုင်ငံတကာမှ အသိအမှတ်မပြုစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် လက်တွေ့ကျသည့် နိုင်ငံတကာကူညီပံ့ပိုးများရရှိရေးအတွက် ဆောင်ရွက်နေသည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံ၊ သြစတြေးလျ၊ ချက်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နော်ဝေ၊ ပြင်သစ်နှင့် ယူနိုက်တက်ကင်းဒမ်း စသည့် နိုင်ငံ (၉) ခုတွင် ကိုယ်စားလှယ်များခန့်အပ်ထားကြောင်း NUG လေးနှစ်ပြည့် အစီရင်ခံစာတွင် တင်ပြထားသည်။ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီလီမြို့တော်တွင်တော့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံတမန်ဆိုင်ရာရုံးကို ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြီးအကဲတစ်ဦး ခန့်အပ်ထားသည်ဟု ဆိုပါသည်။

နိုင်ငံအလိုက် သက်ဆိုင်ရာအစိုးရများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ တရားဝင်ဖိတ်ကြားမှုအရ NUG နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံပေါင်း (၁၃) နိုင်ငံတွင် အစည်းအဝေးများတက်ရောက်ခဲ့သကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့်အခြားသော နိုင်ငံများမှ အစိုးရ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများကိုမူ နိုင်ငံခြားရေးဒုတိယဝန်ကြီးက လုပ်ဆောင်ခဲ့ပါသည်။ ကုလသမဂ္ဂ မျက်နှာစာတွင်မူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့် ဆက်လက်ရရှိနေပြီး မြန်မာ့အရေးအပေါ် နိုင်ငံတကာအာရုံစိုက်မှုရရှိစေရေးနှင့် မြန်မာပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များအား အစဉ်တစိုက် အရေးဆိုတင်ပြလျက်ရှိသည်ကို တွေ့ရသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေးကို ပိုမိုချဲ့ထွင်နိုင်ရေး၊ နိုင်ငံတကာအသိအမှတ်ပြုမှု ပိုမိုရရှိစေရေးနှင့် မြန်မာပြည်သူပြည်သားများ၏ အကျိုးစီးပွားအတွက် ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်စေရန် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်း နိုင်ငံရေးအပြောင်းအလဲများအပေါ်မူတည်ကာ ပြင်ဆင်မှုများပြုလုပ်သွားမည်ဟုလည်း NUG လေးနှစ်ပြည့် အစီရင်ခံစာတွင် တင်ပြထားပါသည်။ 1

သင်ခန်းစာယူရမည့် တီမောဖြစ်ရပ်

အရှေ့တီမောအစိုးရသည် ချက်နိုင်ငံပြီးလျှင် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံမှုများ လူသိရှင်ကြားပြုလုပ်ခဲ့သည့် ဒုတိယမြောက်နိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်၊ ဒီလီမြို့တော်တွင်ပြုလုပ်သော အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား တရားဝင်ဖိတ်ကြားကာ တက်ရောက်ချီးမြှင့်စေခဲ့သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်မှ (၅) ရက်နေ့အထိ (၅) ရက်ကြာခရီးစဉ်အတွင်း အရှေ့တီမောအစိုးရအဖွဲ့၏ အကြီးအကဲများဖြစ်သော သမ္မတဂျို့စ်ရာမို့ဟော်တာ (Jose Ramos-Horta)၊ ဝန်ကြီးချုပ် ဆာနာနာဂပ်စ်မော် (Xanana Gusmão)၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် (Bendito Freitas)၊ လွှတ်တော်ဥက္ကဋ္ဌ မရီယာဖာနန်ဒါလေး (Ms. Maria Fernanda Lay) တို့နှင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 2

နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များအတွက် ဆွေးနွေးနိုင်ခဲ့သည်ဟုလည်း ဆိုပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင်တော့ NUG ကို အားပေးအားမြှောက်လုပ်ကာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည်ဟုဆိုကာ ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးမှ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန် အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့သည်။ အရှေ့တီမောအစိုးရကမူ အာဏာသိမ်းစစ်အုပ်စု၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာပြည်သူလူထုနှင့်အတူ ဆက်လက်ရပ်တည်မည့်အကြောင်း သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာပြီး အကျပ်အတည်းဖြေရှင်းရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာသင့်ကြောင်းလည်း အာဏာသိမ်းစစ်အုပ်စုကို တိုက်တွန်းခဲ့ပါသည်။

အာဏာသိမ်းစစ်အုပ်စုကမူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရှေ့တီမောအစိုးရ၏ ရပ်တည်ချဉ်းကပ်ပုံများကို ပြန်လည်သုံးသပ်ရန် အလိုရှိနေပြီး အရှေ့တီမောနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးကိုပါ ကန့်ကွက်ကြောင်း အာဆီယံအလှည့်ကျဥက္ကဌထံ စာရေးသားပေးပို့ခဲ့သည်။ အရှေ့တီမောနိုင်ငံ သမ္မတတော့ မြန်မာစစ်အုပ်စု၏ ကန့်ကွက်မှုသည် ကျိုးကြောင်းဆီလျော်မရှိသည့်အတွက် ထိရောက်မှုရှိမည်မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါသည်။ မြန်မာစစ်အာဏာရှင်များအား အာဆီယံအနေဖြင့် ဖိအားမပေးနိုင်သရွေ့၊ မြန်မာ့အရေးအား အာဆီယံအနေဖြင့် မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံအဖွဲ့အတွင်း ဝင်ရောက်မည်မဟုတ်ဟုလည်း အရှေ့တီမောသမ္မတနှင့် ဝန်ကြီးချုပ်တို့က ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက် တွင် ပြောဆိုခဲ့ပါသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယအပတ်တွင်တော့ အရှေ့တီမောအစိုးရ၏ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့ (မြန်မာစစ်အုပ်စု) အား ဆန့်ကျင်သည့်အဖွဲ့အစည်းများ ရုံးဖွင့်ခြင်းနှင့် ဆန့်ကျင်သည့်လှုပ်ရှားမှုများအား ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဒီလီမြို့တော်တွင် သံရုံးဖွင့်လှစ်ရန် အရှေ့တီမောအစိုးရက ကမ်းလှမ်းခဲ့ကြောင်း အာဏာသိမ်းစစ်အုပ်စုက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့သည်။ 3

မစ္စတာဘန်ဒီတိုဖရိတ်တက်စ် (BenditoFreitas) ၏ သတင်းထုတ်ပြန်မှုတွင်တော့ ၎င်း၏ (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်သည် အစိုးရအဆင့် အလုပ်သဘောခရီးစဉ်ဖြစ်ပြီး အရှေ့တီမောနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအပေါ် အစဉ်တစိုက် ထောက်ခံခဲ့ကြသော မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အသိအမှတ်ပြုသည့်အနေဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုပါသည်။ မကြာခင်ကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာတော့မည့် အရှေ့တီမောနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟုလည်း မစ္စတာဘန်ဒီတိုက ဆိုပါသည်။ 4

မည်သို့ဆိုစေ မြန်မာပြည်သူလူထုနှင့်အတူ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအား တရားဝင်အသိအမှတ်ပြုခြင်း၊ ထိတွေ့ဆက်ဆံခြင်းများပြုလုပ်ကာ နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီမဟာမိတ်သဖွယ် ရပ်တည်ပြခဲ့သည့် အရှေ့တီမောအစိုးရသည် မလွှဲမရှောင်သာဘဲ အာဏာသိမ်းစစ်အုပ်စုနှင့် အစိုးရအဆင့် ထိတွေ့ဆက်ဆံခဲ့ရသည်က NUG နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် သင်ခန်းစာယူစရာဖြစ်လာပါသည်။

သုံးသပ်တင်ပြချက်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတ ည်ဆောက်ရေးအတွက် ဦးတည်လျှောက်လှမ်းနေသည့် နွေဦးတော်လှန်ရေး၏ စစ်မျက်နှာများထဲတွင် သံခင်းတမန်ခင်းစစ်မျက်နှာဟုဆိုရမည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခြေလှမ်းများသည် အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံများ၏ ထိတွေ့ဆက်ဆံမှု၊ အသိအမှတ်ပြုများအပြင် မလေးရှားဝန်ကြီးချုပ်ဦး‌ဆောင်သော အာဆီယံ၏ လူသိရှင်ကြားထိတွေ့ဆက်ဆံမှုများကိုပါ ရရှိခဲ့သဖြင့် အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိခဲ့သည်ဟု ယူဆနိုင်ပါသည်။

သို့သော် အနှီနိုင်ငံများ၊ အနှီနိုင်ငံတကာအဖွဲ့အစည်းများသည်ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုနှင့် မမြင်ကွယ်ရာတမျိုး၊ လူမြင်ကွင်းရှေ့တဖုံ နည်းလမ်းမျိုးစုံဖြင့် ထိတွေ့ဆက်ဆံနေကြသဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်တခုဖြစ်သော “အာဏာသိမ်းစစ်အုပ်စုအား အသိအမှတ်မပြုစေရေး” ဟူသည် ခရီးမပေါက်၊ မထိရောက်သေးဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ နှာခေါင်းရှုံ့ဖယ်ကျဉ်ခြင်းခံထားရသည် အာဏာသိမ်းစစ်အုပ်စုသည် အိမ်နီးချင်းတရုတ်အစိုးရ၏ အထောက်အကူများရယူကာ အာဆီယံအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ခြေဆန့်လာနေသကဲ့သို့ သမ္မတထရမ့်ဦးဆောင်သော အမေရိကန်အစိုးရအတွင်းသို့ပင် အသိအမှတ်ပြုခံရရေး ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် ထိုင်း၊ လာအို၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်စသော အိမ်နီးချင်းနိုင်ငံများကိုလည်း လက်တန်ဖြန့်ကာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ၎င်းတို့အား ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးနေသည်ကို တွေ့ရသည်။ အရှေ့တီမောအစိုးရကဲ့သို့သော အာဏာသိမ်းစစ်အုပ်စုအား ရှောင်လွှဲ၍မရနိုင်သော ထိတွေ့ဆက်ဆံမှုများသည် သင်ခန်းစာယူရမည်ဖြစ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး၏ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေး စသော စစ်မျက်နှာအားလုံး၏ ပြရုပ်အစုံကို နိုင်ငံတကာမျက်နှာစာတွင် ခင်းကျင်းပြသကာ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အလေးပေးမှုရရှိရေး ကြိုးပမ်းရမည်ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ ဖိအားပေး၊ အကျပ်ကိုင်မှုမှ မလွတ်မြောက်နိုင်သေးသော၊ နွေဦးတော်လှန်ရေးအား ထောက်ခံအားပေးကြသော ပြည်ပရောက်မြန်မာပြည်သူများ၏ အရေးကိစ္စများကိုလည်း တာဝန်ယူဖြေရှင်းနိုင်ရေး ကြိုးပမ်းရပေလိမ့်မည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်းစသော အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအစိုးရများသည် အကျိုးစီးပွားတွက်ချက်ကာ အာဏာသိမ်းစစ်အုပ်စုဘက်တွင် အလေးသာသော ထိတွေ့မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ စစ်အုပ်စုကျင်းပပေးမည့် ရွေးကောက်ပွဲအသစ်အား ထောက်ခံရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံရေးအရွေ့အပြောင်းများအကြားတွင် မြန်မာ့အရေးအပေါ် အလေးပေးမှုသည် သိသာစွာ လျော့ကျလာနေသည်ဟု ဆိုရပါမည်။

လေးနှစ်ကျော်သက်တမ်းအတွင်း ရောက်ရှိလာပြီဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံခင်းတမန်ခင်းနည်းလမ်းများသည် အာဆီယံအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းအတွင်း အတိုင်းအတာတခုအထိ ရောက်ရှိခဲ့သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတကာအစိုးရများ၏ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းများနှင့် ဦးစားပေးမှုအပြောင်းအလဲများကိုမူတည်ကာ လက်တွေ့ကျသည့် ချဉ်းကပ်မှုအသစ်များ ပြင်ဆင်ချိန်ဆရတော့မည်ဖြစ်သည်၊ ပြန်လည်ဆန်းစစ်ရတော့မည်ဖြစ်သည်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုအားလုံး၏ ညီညွတ်ခြင်းပြရုပ်ကို နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ခင်းကျင်းရသည့်အတွက် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းမှုခွန်အားကို ထင်ဟပ်စေရန်လည်း အထူးလိုအပ်ကြောင်း တင်ပြအပ်ပါသည်။

1. လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ NUG၊ ၁၆ ဧပြီ ၂၀၂၅
2. နိုင်ငံခြားရေးဝန်ကြီး‌ ဒေါ်ဇင်မာအောင်၏ တီမောလက်စတေးနိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်၊ NUG-MFA၊ ၁၀ ဇူလိုင် ၂၀၂၃
3. ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ တွေ့ဆုံ၊ ကြေးမှုံ၊ ၁၉ စက်တင်ဘာ ၂၀၂၅
4. H.E. Mr. Bendito dos Santos Freitas’s Facebook, 19 Sep 2025