အပစ်အခတ်ရပ်စဲခြင်းအလွန် နိုင်ငံတဝှမ်း စစ်ငွေ့စစ်ရိပ် ပိုကဲလာခြင်း

By MPM 10 နိုဝင်ဘာ, 2025 👁

နိဒါန်း

မြန်မာနိုင်ငံအတွင်းက အပစ်အခတ်ရပ်ဆဲခြင်းဟူသည် ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ ပိုမိုပြင်းထန်မည့် စစ်ရေးပဋိပက္ခများအတွက် အချိန်ယူခြင်းမျှသာဖြစ်ကြောင်း ရှုမြင်ရပါသည်။ အာဏာသိမ်းစစ်အုပ်စုအတွက်မူ တဖက်အင်အားစုကို အပစ်အခတ်ရပ်ဆဲပြီး အခြားတဖက်ရှိ အင်အားစုများကို စစ်ရေးအရ ဖိအားပေးနိုင်ရေး ကြိုးပမ်းအားထုတ်မှုမျှသာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း ရှုမြင်ရခက်ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်တော့ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အာဏာသိမ်းစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) နှစ်ဖွဲ့အကြား အပစ်အခတ်ရပ်စဲခြင်း၏ အကြောင်းအရင်းများ၊ တွေ့ရှိချက်များနှင့် နောက်ဆက်တွဲ စစ်ရေးအရွေ့အပြောင်းများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

အခတ်ရပ်စဲခြင်း၏ အကြောင်းအရင်းနှင့် တွေ့ရှိချက်များ

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တွေ့ဆုံခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့များအတွင်း ကူးမင်းမြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့အကြား (၉) ကြိမ်မြောက် ဆွေးနွေးပွဲတွင် နှစ်ဘက်သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀:၀၀) နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ အကျိုးရလဒ်အဖြစ် TNLA အနေဖြင့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ ၎င်း၏တပ်များ ပြန်လည်ဆုတ်ခွာရမည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကမူ တအာင်းဒေသအား လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုလုပ်ရဟု သဘောတူခဲ့ကြပါသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲလိုက်ခြင်းအပေါ် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “အဓိကတော့ လူထုတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လူထုတွေရဲ့ ထိခိုက်နစ်နာမှု လျော့နည်းသွားအောင်၊ စစ်ရေးဖိအားတွေ အခြားသောဖိအားတွေကြားက ပိုပြီးတော့ နစ်နာလာတာမျိုးတွေရှိလာတာကြောင့် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ရွေးချယ်ရတာဖြစ်ပါတယ်” ဟု ပြောပါသည်။ [1]

မိမိတို့ BNI-Myanmar Peace Monitor ၏ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာမှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း TNLA သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် မြို့ (၁၂) မြို့အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂၇၀) ကျော်ရှိခဲ့ပြီး ထိုဖြစ်စဉ်များ၏ (၈၀) ရာခိုင်နှုန်းခန့်သည် TNLA မှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း ဖြစ်စဉ်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ [2] မကြာသေးခင်ကမှ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားခဲ့သည့် နောင်ချိုနှင့် ကျောက်မဲမြို့တို့သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအခံရဆုံးမြို့များ ဖြစ်ပါသည်။ အပစ်ရပ်သဘောတူညီချက်အရ TNLA တပ်များ ပြန်ဆုတ်ခွာမည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့သည်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့များထဲတွင် ပါဝင်နေပါသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလ တတိယအပတ်အတွင်း တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ အပစ်အခတ်ရပ်စဲပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံမှ ပြန်လည်ရရှိသွားခဲ့သည့် လားရှိုးမြို့ဆိုလျှင်လည်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် ခံခဲ့ရပါသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်တဲရင် (Mr. Peng De Ren) ကတော့ အာဏာသိမ်းစစ်အုပ်စုနှင့် စစ်ရေးရပ်စဲရေးသဘောတူညီချက်သည် အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးလမ်းစဉ်အတွက်မူ ဝေးလံသေးယှပ်နေဆဲဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ MNDAA ကေဒါများအလှည့်ကျသင်တန်းဆင်းပွဲတွင် သင်တန်းသားများအား အသိပေးခဲ့သည်။ [3]

ထို့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ၏ ဦးဆောင်အဖွဲ့ (၂) ဖွဲ့နှင့် အာဏာသိမ်းစစ်အုပ်စုအကြား အပစ်အခတ်ရပ်စဲနိုင်ခဲ့ခြင်းကို လေ့လာကြည့်ပါက အိမ်နီးချင်း တရုတ်အစိုးရ၏ ဖိအားပေးခြင်း၊ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းနှင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်လုပ်‌ဆောင်ခဲ့ခြင်းတို့ကြောင့်သာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲခဲ့ကြခြင်းမဟုတ်ကြောင်း ထင်ရှားလျက်ရှိသည်။

တဆက်တည်းတွင် စစ်အာဏာသိမ်းကာလအတွင်း ပေါက်ဖွားဖြစ်တည်လာသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs/LDFs) နှင့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိနှင့်နေခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အကြား ပေါင်းစည်းညီညွတ်မှု၊ အပြန်အလှန်ယုံကြည်ကိုးစားမှုတို့အား အဆိုပါအပစ်အခတ်ရပ်စဲခြင်းက သပ်လျိုသွေးခွဲနိုင်ရေးဆီ ဦးတည်နေခြင်းပင် ဖြစ်သည်။

TNLA ဆုတ်ခွာမှုအလွန် မိုးကုတ်၊ မိုးမိတ်ဒေသ စစ်ငွေ့ပိုကဲလာ

နှစ်ဖက်အပစ်ရပ်စဲသဘောတူညီချက်ကြောင့် မိုးကုတ်၊ မိုးမိတ်ဒေသမှ TNLA တပ်များ ဆုတ်ခွာပေးရခြင်းသည် ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ လာရှိုးမြို့အား စစ်အုပ်စုထံ ပြန်ပေးခဲ့ရသည့် ဖြစ်စဉ်မျိုးကဲ့သို့ မဟုတ်ပေ။ တရုတ်အစိုးရ၏ စောင့်ကြပ်မှုဖြင့် မိုးကုတ်၊ မိုးမိတ်မြို့များအား စစ်အုပ်စုထံ ပြန်ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ TNLA တပ်များသာ ဆုတ်ခွာသွားရုံသာဖြစ်သည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရတော့ စစ်အာဏာသိမ်းကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များအတွင်းရှိ တိုက်ပွဲဖြစ်စဉ်များကို လေ့လာကြည့်ပါက TNLA ဦးဆောင်သော ဒေသတွင်း မဟာမိတ်တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားမှုသည် တိုက်ပွဲဖြစ်စဉ်များ၏ (၅၀) ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး TNLA ၏ အခန်းကဏ္ဍကို ထင်ရှားစေခဲ့ပါသည်။

သို့သော် အဆိုပါမြို့နယ်များအတွင်း တိုက်ပွဲဖြစ်စဉ်များထဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် NUG-MOD ၏ ကွပ်ကဲမှုအောက်တွင်မရှိသော ဒေသတွင်း တော်လှန်ရေးအဖွဲ့များ၏ အခန်းကဏ္ဍ၊ ပူးပေါင်းထိုးစစ်ဆင်မှုများကို မြင်တွေ့ရပါသည်။ အဆိုပါ တော်လှန်ရေးတပ်ဖွဲ့များသည် မိုးကုတ်၊ မိုးမိတ်မြို့နယ်များနှင့် ဒေသချင်းချိတ်ဆက်နေသည့် မြို့နယ်များအတွင်း အာဏာသိမ်းစစ်အုပ်စုကို ထိုးစစ်ဆင်ဖိအားပေးနေဆဲဖြစ်ပါသည်။ [4]

ထို့ကြောင့် မိုးကုတ်၊ မိုးမိတ်ဒေသမှ TNLA တပ်များ ဆုတ်ခွာသွားသည့်တိုင် KIA ၊ ABSDF အပါအဝင် NUG-MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ဗျူဟာများနှင့် အခြားသောဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုခွန်အားသည် အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရ အကြပ်ရိုက်စေနိုင်ပါသည်။ သို့သော် ဒေသတွင်း တော်လှန်ရေးအင်အားစုများအချင်းချင်းအကြား စုစည်းညီညွတ်မှုတည်ဆောက်မှုနှင့် စစ်နည်းဗျူဟာပြင်ဆင်ချဉ်းကပ်မှုများ နှောင့်နှေးကြံ့ကြာနေပါက အာဏာသိမ်းစစ်တပ်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်သွားနိုင်သည်။

သပိတ်ကျင်းမြို့အား တော်လှန်ရေးအင်အားစုများထံမှ ပြန်လည်ရရှိထားသည့် အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် စဉ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်း ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် မြေပြင်၊ ဝေဟင် ထိုးစစ်အစုံဖွင့်ကာ အရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ TNLA တပ်များ ဆုတ်ခွာသည့် မိုးကုတ်၊ မိုးမိတ်ဒေသများအား ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးကိုလည်း အခွင့်အရေးတစ်ရပ်အဖြစ် လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မိုးကုတ်၊ မိုးမိတ်ဒေသအတွင်း တပ်ဖြန့်စိုးမိုးနိုင်ရေးအတွက် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာဖွယ်ရှိပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုစတင်ချိန်ကတည်းကပင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော နွေဦးတော်လှန်ရေးအင်အားစုများကို ခွဲကန့်ထားဖို့ ဆန္ဒရှိခဲ့ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိနှင့်နေပြီးဖြစ်သော ERO များကို မက်လုံးကိုယ်စီပေးအပ်ကာ ချဉ်းကပ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား အထောက်အကူမပေးဖို့ ကြိုးပမ်းခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်သော “၁၀၂၇ စစ်ဆင်ရေး” လှိုင်းလုံးကြီး ထွက်ပေါ်ရွေ့လျားလာချိန်တွင်တော့ မြန်မာနိုင်ငံတဝှမ်း နွေဦးတော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည့် စစ်အုပ်စု၏ တပ်ရင်း၊ တပ်စခန်းနှင့် စစ်ဌာနချုပ်များပါမကျန် ရုပ်ပျက်ဆင်းပျက် ပြိုလဲသွားခဲ့ရပြီး လက်နက်ခဲယမ်းနှင့် နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ အကူအညီရယူကာ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းလာခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်အရောက်တွင်တော့ MNDAA၊ TNLA တို့နှင့် စစ်အုပ်စုအကြား အပစ်အခတ်ရပ်စဲနိုင်ခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုနှင့် လေကြောင်းတိုက်ခိုက်များကို ပြိုင်တူအသုံးပြုကာ “မီးစတဖက်၊ ရေမှုတ်တဖက်” ချဉ်းကပ်မှုမျိုးဖြင့် ရယူထားသည့် အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်၏ တည်ရှိမှုသည် စောင့်ကြည့်ရဖွယ်ရှိပါသည်။

သို့သော် ၎င်းတို့၏ တပ်ရင်း၊ တပ်ဖွဲ့နှင့် တပ်စခန်းပေါင်းများစွာကို ရုပ်ပျက်ဆင်းပျက် ပြိုလဲစေခဲ့သော ERO နှစ်ဖွဲ့အား အပစ်အခတ်ရပ်စဲထားကာ အခြားသော တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ရာနယ်မြေများအတွင်း မီးကုန်ယမ်းကုန် စစ်ရေးအရှိန်မြှင့်လာနိုင်သော စစ်အုပ်စု၏ ထိုးစစ်များသည် မိုးကုတ်၊ မိုးမိတ် ဒေသတစ်ခုတည်းကိုသာ ဦးတည်နေခြင်းမဟုတ်ပေ။ “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့သော ညီနောင်မဟာမိတ် (၃) ဖွဲ့အနက် အာရက္ခတပ်တော် (AA) လှုပ်ရှားရာ ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်မားစွာ မြင့်တွေ့လာရပြီဖြစ်သည်။ ကလင်ဒါကျအရမူ အာရက္ခတပ်တော်အပေါ် တရုတ်အစိုးရ၏ ဖိအားပေး စေ့စပ်ညှိနှိုင်းမှုမျိုး ရောက်ရှိလာနိုင်ကြောင်း ရှုမြင်ရပါသည်။

မည်သို့ပင်ဆိုစေ ERO တစ်ဖွဲ့ချင်းစီနှင့် အာဏာသိမ်းစစ်အုပ်စုအကြား အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးသို့ ဦးတည်သော အပစ်အခတ်ရပ်စဲခြင်းမျိုးဟု ရှုမြင်ရန် ခက်ခဲလှပါသည်။ စစ်အုပ်စုအတွက်မူ ERO များနှင့် စစ်အာဏာသိမ်းကာလအတွင်း ထွက်ပေါ်လာသော NUG အပါအဝင် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များအကြား စုစည်းမှု၊ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို သပ်လျိုခွဲကန့်လိုခြင်းသဘောမျှသာဖြစ်ကြောင်း သုံးသပ်ရပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝှမ်းလုံးတွင် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို ဆက်လက်တိုးမြှင့်လာဖွယ်ရှိပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဦးတည်သော တော်လှန်ရေးအင်အားစုများအနေဖြင့် ၎င်းတို့စိုးမိုးထိန်းချုပ်ရာ နယ်မြေဒေသအလိုက် စုစည်းညီညွတ်မှုနှင့် ပူးပေါင်းလှုပ်ရှားမှုများ ပိုမိုခိုင်မာအားကောင်းရန် အထူးလိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

[1] မိုးမိတ်နှင့်မိုးကုတ်ကို လက်လွှတ်ပြီး အပစ်ရပ်ရေး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟု TNLA ပြော၊ DVB၊ ၃၀ အောက်တိုဘာ ၂၀၂၅
[2] Military Junta’s Airstrikes in Myanmar ၊ BNI-MPM၊ ၂၇ အောက်တိုဘာ ၂၀၂၅
[3] စစ်မှန်သောငြိမ်းချမ်းရေးရဖို့ ဝေးလံနေဆဲဟု MNDAA ပြော ၊ ဧရာဝတီ၊ ၂၇ အောက်တိုဘာ ၂၀၂၅
[4] Myanmar Armed Conflict Dashboard ၊  BNI-MPM၊ ၂၇ အောက်တိုဘာ ၂၀၂၅