
နိဒါန်း
ယခုနှစ် (၁၀) လမပြည့်မီ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်ထက်ပင် ပိုမိုများပြားနေပြီဖြစ်သည်။
မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ နှုတ်ယူဖျက်ဆီးလျက်ရှိသော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်သူများအား ကောင်းကင်မိစ္ဆာများဟု သမုတ်ရပါသည်။ အနှီကောင်းကင်မိစ္ဆာများသည် မြန်မာ့မိုးကောင်းကင်တခွင်လုံးတွင် နေ့ညမရွေး ပျံဝဲနေပါသည်။ တောင်တန်းမြေပြန့်ဒေသအလိုက် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကောင်းကင်မိစ္ဆာများထဲတွင် ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ဟယ်လီကော်ပတာ စသော လေယာဉ်အမျိုးမျိုး၊ ဒရုန်း၊ Paramotor (စက်တပ်လေထီး) နှင့် Gyrocopter ဟူသည့် မိစ္ဆာများ ပါဝင်သည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု အားကိုးအားထားပြုရာ ကောင်းကင်မိစ္ဆာများအကြောင်း အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များနှင့်တကွ လေ့လာတင်ပြသွားပါမည်။
ကောင်းကင်မိစ္ဆာများ၏ အချက်အလက်များ
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၁၁၃၂) အထိရှိခဲ့ပြီး စစ်အာဏာသိမ်းကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်သော ၂၀၂၄ ခုနှစ်ထက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၆၇) ခု ပိုမိုများပြားခဲ့သည်ကို တွေ့ရသည်။ [1]
ထူးခြားမှုအဖြစ် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ဟယ်ရီကော်ပတာစသော လေယာဉ်များကိုသာ အသုံးပြုခဲ့ခြင်းမဟုတ်ဘဲ ဒရုန်း၊ Paramotor (စက်တပ်လေထီး) နှင့် Gyrocopter တို့ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းဖြစ်သည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ တွေ့ရှိရသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၈၈၄) ခု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၁၅၂) ခု၊ Paramotor (စက်တပ်လေထီး) ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၉၂) ခုနှင့် Gyrocopter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၃) ခုတို့ကို တွေ့ရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို ရန်ကုန်တိုင်းမှလွဲ၍ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၃) အတွင်းရှိ မြို့နယ်ပေါင်း (၁၅၀) တွင် တွေ့ရှိခဲ့ရပြီး စစ်ကိုင်းတိုင်းသည် မြို့နယ်ပေါင်း (၃၁) ခုအထိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကို အများဆုံးကြုံတွေ့ခဲ့ရသည်။ ရခိုင်၊ မကွေး၊ မန္တလေးနှင့် ကချင် စသည့် ဒေသတခုချင်းစီတွင်လည်း မြို့နယ်ပေါင်း (၁၀) ခုမှ (၁၅) အထိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရပါသည်။
ယခုနှစ်အတွင်း တွေ့ရှိရသည့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို လအလိုက် လေ့လာကြည့်ပါက မိုးတွင်းကာလ ဇွန်လမှလွဲ၍ လစဉ် ဖြစ်စဉ်ပေါင်း အနည်းဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၉၀) မှ အများဆုံး (၁၃၈) ခုအထိ တွေ့ရှိရပါသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁၄၄၈) ဦး သေဆုံးခဲ့ရပြီး (၂၄၅၀) ဦး ထိခိုက်ဒဏ်ရရရှိခဲ့ကြပါသည်။
အဆိုပါ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးသူငယ်၊ ကျောင်းသား/ကျောင်းသူ၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်မိခင်မှသည် သက်ကြီးရွယ်အိုနှင့် ရဟန်းသံဃာအဆုံး အားလုံးပါဝင်နေပါသည်။

၂၀၂၅ ခုနှစ် သြဂုတ်လသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု အများဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးလဖြစ်ခဲ့ပြီး အဆိုပါတလတည်းတွင် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိသူပေါင်း (၅၈၆) ဦးအထိ ရှိခဲ့သည်ကို တွေ့ရပါသည်။
ဖြစ်စဉ်ဖြစ်ရပ်များ
အထက်တွင် တင်ပြခဲ့သည့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၉၂) ခုအထိရှိခဲ့ပြီး စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများဖြစ်သော လေယာဉ်၊ ဒရုန်းနှင့် Paramotor (စက်တပ်လေထီး) တို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက် ညအချိန်၊ စစ်ကိုင်းတိုင်း မုံရွာနှင့် ချောင်းဦးနယ်အစပ် ညောင်ပင်သာကျေးရွာအုပ်စု ဘုံတိုရွာတွင်ပြုလုပ်သော ဒေသခံပြည်သူများ၏ သတင်းကျွတ်လပြည့်နေ့ မီးထွန်းပွဲကို Paramotor (စက်တပ်လေထီး) နှစ်စီးဖြင့် ဗုံးသီး (၄) လုံးဖြင့် စစ်အုပ်စုက ကြဲချတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၄) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၄၀) ကျော်အထိ ရှိခဲ့သည်။ [2] ယင်းမီးထွန်းပွဲ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်သည် Paramotor (စက်တပ်လေထီး) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ဖြစ်စဉ် (၉၀) ကျော်အနက် အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါသည်။
ယခုနှစ်အတွင်း စစ်အုပ်စု၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရရှိမှုအများဆုံးဖြစ်စဉ်အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း ဒေသခံအရပ်သားပြည်သူ (၄၁) ဦး သေဆုံးခဲ့ပြီး (၅၂) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ [3]
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၇ ရက်၊ ကရင်နီ (ကယား) ပြည်နယ် ဘောလခဲမြို့နယ် မော်ချီးဒေသ (၁၆) ကုန်းရပ်ကွက်အပေါ် စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူ (၃၂) ဦးအထိ သေဆုံးခဲ့ပြီး သေဆုံးမှု ဒုတိယအများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါသည်။ [4]
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ စဉ့်ကူးမြို့နယ် လက်ပံလှရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လင်းတလူးရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ ဝန်းသိုမြို့နယ် နန်းခမ်းရွာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသအနီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်များအတွင်းတွင်လည်း အရပ်သားပြည်သူ (၂၀) ဦးအထက် သေဆုံးမှုများ ရှိခဲ့ပါသည်။


BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၁၄၄၄) ဦးအား ဖြစ်စဉ်အလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ရာ အနည်းဆုံး ၁ ဦးမှ ၄ ဦးအထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၂၆၄) ခု၊ ၅ ဦးမှ ၉ ဦးအထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၅၇) ခု၊ ၁၀ ဦးမှ ၁၉ ဦးအထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၂၄) ခု၊ ၂၀ ဦးနှင့်အထက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၁၁) ခုရှိခဲ့သည်ကို တွေ့ရပါသည်။ [5]
သုံးသပ်တင်ပြချက်
BNI-Myanmar Peace Monitor ၏ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံတဝှမ်း တောင်တန်းမြေပြန့်ဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်အုပ်စုအကြား တိုက်ပွဲများသည် ကျယ်ပြန့်စွာ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ စစ်အုပ်စု အားကိုးအားထားပြုရသည့် ကောင်းကင်မိစ္ဆာများ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း နေ့စဉ်ရက်ဆက်၊ နေ့ရောညပါ နေရာဒေသမရွေး တွေ့ရှိနေရပါသည်။
အနှီကောင်းကင်မိစ္ဆာများကြောင့်ပင် အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက်သည် တဟုန်ထိုးမြင့်တက်နေသည်ကို တွေ့ရပါသည်။

ဖော်ပြပါပုံကို လေ့လာကြည့်ပါက အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုထင်ရှားစေပါသည်။ စစ်အုပ်စုသည် မြန်မာနိုင်ငံတဝှမ်း ဒေသအလိုက် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရပ်သားပြည်သူများကို ပစ်မှတ် ထားကာ လေယာဉ်၊ ဒရုန်း၊ စက်တပ်လေးထီးနှင့် Gyrocopter တို့ကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဆိုရပါသည်။
အထူးသဖြင့် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများအတွင်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ မြို့ဖျက်ရွာဖျက်စီမံချက်မျိုးဖြင့် မီးကုန်ယမ်းကုန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း လအလိုက်တွေ့ရှိရသည့် စစ်ရေးပဋိပက္ခတိုက်ပွဲဖြစ်စဉ်များနှင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို နှိုင်းယှဉ်ကြည့်ပါက တိုက်ပွဲဖြစ်စဉ်များထက်ပင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များက ပိုမိုများပြားနေပါသည်။ ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထုအပေါ် လေကြောင်းမှတဆင့် ကောင်းကင်မိစ္ဆာများစေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရန် ကြံရွယ်နေသလားဟု မေးခွန်းထုတ်ရပါမည်။

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ နှုတ်ယူဖျက်ဆီးလျက်ရှိသော စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများသည် မြန်မာ့မိုးကောင်းကင်တခွင်လုံးတွင် နေ့ညမရွေး ပျံဝဲကာ မြန်မာပြည်သူလူထုကို ခြိမ်းခြောက်နေပါသည်။ အဆိုပါ ကောင်းကင်မိစ္ဆာများ၏ ခြိမ်းခြောက်နေမှုကြီးအား မြန်မာပြည်သူလူထုတစ်ရပ်လုံးက ရင်တမမ၊ အံတကြိတ်ကြိတ်ဖြင့် လက်ပိုက်ကြည့်နေရသည်မှာ (၄) နှစ်ကျော်၊ (၅) နှစ်အတွင်း ရောက်ရှိနေပြီဖြစ်သည်။
ယခုလ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၈၀) ပြည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့အကြီးအပါအဝင် နိုင်ငံတကာအစိုးရများသည်လည်း မြန်မာပြည်သူလူထုအား နေ့စဉ်ခြိမ်းခြောက်လျက်ရှိသည့် စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများအား ဟန့်တားနိုင်ခြင်းအလျဉ်းမရှိဘဲ စိုးရိမ်တုန်လှုပ်စွာဖြင့် လက်ပိုက်ကြည့်နေကြရပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုကမူ ဂျက်ဖိုက်တာ၊ တိုက်လေယာဉ်၊ ဟယ်လီကော်ပတာ စသော လေယာဉ်များနှင့် ဒရုန်း၊ Paramotor (စက်တပ်လေထီး) စသော ကောင်းကင်မိစ္ဆာများအတွင်း Gyrocopter နှင့် ကင်းထောက်မိုးပျံပူးဖောင်း (Spy Balloon) များကိုပါ တိုးချဲ့အသုံးပြုရန် လုပ်ဆောင်နေသည်ကို တွေ့ရှိလာရပြီဖြစ်သည်။ စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများ ပိုမိုပေါက်ဖွားလာရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ထောက်ကူပံ့ပိုးလျက်ရှိသော တရုတ်နှင့် ရုရှားတို့၏ လုပ်ရပ်များကိုလည်း စောင့်ကြည့်နေရသည့် အခြေအနေတွင်သာရှိကြောင်း တင်ပြအပ်ပါသည်။
[1] BNI-Myanmar Peace Monitor Dataset (1 Jan 2020 – 21 Oct 2025)
[2] ချောင်းဦးမြို့နယ် ဘုံတိုရွာဆီမီးသပိတ် သေဆုံးသူ ထပ်တိုး၊ ၂၄ ဦး ရှိလာ၊ မြန်မာနောင်း၊ ၉ အောက်တိုဘာ ၂၀၂၅
[3] ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ဗုံးကြဲခံရ၊ လူပေါင်း ၄၁ ဦးသေဆုံးပြီး ၅၂ ဦး ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ မီးလောင်၊ နိရဥ္ဇရာ၊ ၈ ဇန်နဝါရီ ၂၀၂၅
[4] မော်ချီးဒေသ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၃၂ ဦး သေဆုံး၊ ပျောက်ဆုံးနေသူအချို့ရှိနေ၊ လူထုနွေဦး၊ ၁၉ သြဂုတ် ၂၀၂၅
[5] BNI-Myanmar Peace Monitor Dataset (1 Jan 2020 – 21 Oct 2025)