ဇာတ်တူသားစားသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များ

By MPM 20 မတ်, 2026 👁

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁၁ ရက်နေ့အထိ နှစ်ပတ်တာအတွင်း မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲဖြစ်စဉ်များ မြင့်တက်လာခဲ့သလို အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း ယခင်နှစ်ပတ်တာထက် ပိုမိုများပြားခဲ့ပါသည်။ စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှု အရေအတွက်သည် နှစ်ပတ်အတွင်း ၃၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။ ထူးခြားမှုအဖြစ် ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်၏ အရာရှိအရာခံများနှင့် တပ်ဖွဲ့ဝင်များထားရှိရာ အကျဉ်းထောင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်သည် အာဏာသိမ်းစစ်တပ်၏ ရက်စက်မှုကို ပေါ်လွင်စေခဲ့ပါသည်။

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် အရာရှိအရာခံများထားရှိရာ တော်လှန်ရေးအင်အားစုများ၏ အကျဉ်းစခန်း၊ အချုပ်ခန်းများအပေါ် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၉) ခုအထိရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များအတွင်း တော်လှန်ရေးအင်အားစုများ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းအကျဉ်းသား ၂၈၇ ဦးအထိ သေဆုံးခဲ့ပြီး ၁၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ဒါးလက်ချောင်းဒေသက အာရက္ခတပ်တော် (AA) ၏ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသားသေဆုံးမှုအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပြီး သေဆုံးသူ (၁၁၆) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃၂) ဦးအထိ ရှိခဲ့သည်။

“ကျနော်တို့ ရှိနေတာကို သိသိလျက်နဲ့ ဒီလိုမျိုး ဂျက်နဲ့ပစ်တယ်ဆိုတာကို ကျနော့်အနေနဲ့ တော်တော်အံ့သြတုန်လှုပ်မိပါတယ်” အကျဉ်းစခန်း ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဒဏ်ရာရ စစ်သုံ့ပန်းတစ်ဦးက ရင်ဖွင့်ထားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ရက်ကလည်း ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံ(Chaung Tu) ကျေးရွာအနောက်ဘက်တွင်ရှိသော စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းကို စစ်အုပ်စုက လေကြောင်းမှတဆင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်းအကျဉ်းသားနှင့် မိသားစုဝင်များအပါအဝင် (၂၁) ဦးသေဆုံးကာ (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါအကျဉ်းစခန်းသည် ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်အုပ်စုလက်အောက်ခံ အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း (ခမရ) – ၅၃၉ တို့မှ စစ်သုံ့ပန်းများဖြစ်သည်။

မတ်လ ၈ ရက်နေ့၊ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ AA ၏ စစ်သုံ့ပန်းစခန်းတွင် အာဏာသိမ်းစစ်အုပ်စု၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပါအဝင် ဗိုလ်ကြီးအဆင့်ရှိသူများ၊ အရာရှိအရာခံများ၊ ၎င်းတို့၏ မိသားစုဝင်များထားရှိသည်ကို သိရှိပါလျက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်အုပ်စု၏ လုပ်ရပ်သည် အလွန်ရက်စက်သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးတပ်များအတွင်း ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ စစ်သည်များ၊ အရာရှိအရာခံများနှင့် တပ်မိသားစုဝင်များအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကို ဇာတ်တူသားစားသည့်လုပ်ရပ်အဖြစ် မှတ်ယူနိုင်ပြီး အရပ်သားပြည်သူများအပါအဝင် ၎င်းတို့၏ စစ်သည်များ၏ အသက်အန္တရယ်ကိုပင် ခြိမ်းခြောက်နေကြောင်း ထင်ရှားစေပါသည်။

ယနေ့အထိ အသက်ရှင်သန်နေဆဲဖြစ်ပြီး AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိနေကြသည့် စစ်သုံ့ပန်းများကမူ ယခုကဲ့သို့သော မိုက်ရူးရဲဆန်ပြီး ရက်စက်လွန်းသည့်လုပ်ရပ်မျိုး ထပ်မံမလုပ်ဆောင်ဖို့အတွက် တောင်းဆိုနေကြသည်။

ဒါးလက်ချောင်းအကျဉ်းစခန်း ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ရုပ်အလောင်းပျောက်ဆုံးနေသည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ ဒုအရာခံဗိုလ် ဇော်တင်မိုး၏ ဇနီးဖြစ်သူ ဒေါ်သီတာစိုးက ယခုလိုပြောဆိုပါသည်။

“မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ လိုတုန်းမှာ ဆွဲသုံးပြီး မလိုအပ်တဲ့အခါမှာ စွန့်ပစ်တဲ့သဘောမျိုးလည်း စစ်ကောင်စီဘက်က လူကြီးတွေအနေနဲ့ မပြုလုပ်သင့်ဘူးလို့ ထင်ပါတယ်။ မလိုအပ်တော့လို့လည်း ဖြစ်ကောင်းဖြစ်နိုင်သလို … ကျမမှာ ပြောဖို့စကားမရှိတော့ပါဘူး”။

၁။ အမ်းမြိုနယ် ဒါးလက်ချောင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှု စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံး၊ ၁၁ မတ် ၂၀၂၆ ၊ မဇ္စျိမ
၂။ အမ်း ဒါးလက်​ချောင်းစစ်သုံ့ပန်းအကျဥ်းစခန်းအား အကြမ်းဖက်စစ်​ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးရဲ့ စကားသံ၊ ၁၂ မတ် ၂၀၂၆ ၊ One Nation News
၃။ AA အကျဉ်းစခန်းဗုံးကြဲခံရမှု စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရ
၄။ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ရုပ်အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ဇနီးဖြစ်သူထံမှ ရင်ဖွင့်စကား ၊ ၁၁ မတ် ၂၀၂၆ ၊ One Nation News