မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျောက်ဖြူကန်ကျေးရွာနှင့် ခင်မကန်ကျေးရွာတို့မှ ဒေသခံ အရပ်သား စုစုပေါင်း ၆၀ ဦးကို စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ပြီးနောက် ယင်းတို့အနက် ၁၀ ဦးကျော်မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများ၏အဆိုအရသိရသည်။
ဖြစ်စဉ်အရ အောက်တိုဘာလ ၁၈ ရက်နေ့က ကျောက်ဖြူကန်ကျေးရွာမှ ဒေသခံ ၅၀ ဦးနှင့် အောက်တိုဘာလ ၁၇ ရက်က ခင်မကန်ကျေးရွာမှ ၁၀ ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ယမန်နေ့ညနေပိုင်းတွင် အချို့ကိုပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“နှစ်ရွာပေါင်း ၆၀ မှာ ၁၀ ယောက်ကျော်ဖမ်းထားတယ်။ ကျန်တာပြန်လွှတ်တာတောင် ရိုက်နှက်ပြီး၊ ဘာလို့ဖမ်းတာလဲမသိဘူး ထိပ်တိုက်တွေ့လို့ထင်တယ်၊ သူတို့က ၉၀ ရာခိုင်နှုန်းကတွေ့ရင် ဖမ်းဆီးသတ်ဖြတ်နေတာ လုပ်ရိုးလုပ်စဉ်ပဲလေ။ အဲ့ဒါပျူစောထီး စိုးမိုးတဲ့ရွာတွေ” ဟု ကျောင်ဖြူကန်ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။
ဖမ်းဆီးခံရသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရမှုများရှိခဲ့ပြီး အများစုမှာနှာခေါင်းသွေးယိုသူများနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဆက်လက်ဖမ်းဆီးခံရသူများနှင့် ပြန်လွှတ်ပေးလိုက်သည့်သူတို့၏ လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူအများစုမှာ အသက် ၁၉ နှစ်မှ ၂၀ နှစ်ဝန်းကျင် လူငယ်များဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးဘဲ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အမျိုးသားများမှာ ရိုက်နှက်ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
“သူတို့လိုချင်တဲ့သူတွေ ခေါ်ထားတယ်။ အသက် ၁၉၊ ၂၀ ကျော်အရွယ်လေးတွေချည်း ဖမ်းတာ။ မိန်းကလေးတွေကိုတော့ မရိုက်ဘူး ယောက်ျားလေးတွေ အကုန်အရိုက်ခံရတယ်။ ပြန်လွှတ်တဲ့သူတွေလည်း ထွက်ပြေးနေရတယ်” ဟုအဆိုပါ ကော်မတီ၏အဖွဲ့ဝင်တဦးက မဇ္ဈိမသို့ပြောသည်။
ဆက်လက်ဖမ်းဆီးခံရသူများကို မြင်းခြံမြို့ပေါ်သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသော်လည်း လက်ရှိတွင် မည်သည့်နေရာ၌ ဆက်လက်ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဆိုသည်။
ပြန်လည်လွတ်မြောက်လာသူများမှာလည်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
ကျောက်ဖြူကန်ကျေးရွာတွင် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ခင်မကန်ကျေးရွာတွင်မူ ရွာလုံးကျွတ် တိမ်းရှောင်မှု မရှိသေးကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါကျေးရွာများအတွင်း ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်သားအင်အား စုစုပေါင်း ၁၀၀ ခန့် ရှိနေကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကြောင်း ဆက်လက်ထိုးနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများ၏ လက်ရှိအခြေအနေနှင့် ဆက်လက်ထိန်းသိမ်းထားသည့် နေရာကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြင်းခြံမြို့နယ်တွင် စစ်အုပ်စုတပ်က အတင်းအကျပ်စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခြင်းသာမက အိမ်ပေါက်စေ့ စစ်မှုထမ်းကြေးကောက်ခံမှုများလည်း ပြုလုပ်နေသည်။
စစ်အုပ်စုနှင့်ပျူစောထီးတပ်သည် ဒေသခံများကိုဖမ်းဆီးခြင်းများကို မကြာခဏပြုလေ့လုပ်ရှိပြီး ဆက်ကြေးပုံစံဖြင့် ငွေညှစ်တောင်းခံမှုများကို အမြဲတစေပြုလုပ်နေကြောင်း ဒေသခံများ၏အဆိုအရသိရသည်။
မဇ္ဈိမ