ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနောက်ဘက်က ဦးစွန်းတောင်တောင်တန်းကို အောက်တိုဘာ ၂၀ ရက်၊ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုနေ့ နံနက် ၃ နာရီမှစကာ လေးနာရီကျော်အထိ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်အုပ်စုလိုက်ဖြင့် ဦးစွန်းတောင် တောင်တန်းကို ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဂျက်ဖိုက်တာရော Y-12 နဲ့ပါ ဆက်တိုက် ဗုံးလာကြဲတာ။ ပေါင် ၅၀၀ ဗုံးတွေနဲ့လည်း ကြဲတယ်။ Y-12 ကလည်း ဗုံးကြဲတယ်။ အနည်းဆုံး ဂျက် ငါးစီး၊ Y-12 သုံးစီးလောက်ရှိမယ်။ တစ်ညဉ့်လုံးနီးပါး ဗုံးလာကြဲတာ၊ တစ်စီးပြီးရင် တစ်စီး ဗုံးလာကြဲတာ” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ တောင်တန်းသည် ကန်စောက်တောင်နှင့် တဆက်တည်းရှိပြီး အနီးနားတွင် ဦးစွန်းတောင်အောက်၊ ဦးစွန်းတောင်အထက်၊ ညလီကန်၊ ကန်ချေပြင်၊ နီချေရွာ စသည့် ကျေးရွာများ ရှိနေသည်။
ထို့အတူ ယခင်တိုက်ပွဲကလတုန်းက ကန်စောက်အနီးက အမြောက်တပ် ၃၇၇ တပ်မှ စစ်တပ်တပ်ဖွဲ့ဝင်များ ဦးစွန်းတောင်တောင်ကုန်းတွင် စခန်းချနေခဲ့ဖူးသည်။
ယခုကဲ့သို့ ဦးစွန်းတောင်တောင်တန်းကို ဗုံးကြဲမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး အချို့မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
“ရွာကလူတွေကတော့ စိုးရိမ်နေကြတာပေါ့။ ဗုံးကြဲတာကလည်း ရွာအနီးဝန်းကျင်မှာ၊ ပြီးတော့ လေယာဉ်ကလည်း တစ်နာရီနီးပါးလောက်အထိ ဝဲနေခဲ့တယ်။ ငွေကြေးတတ်နိုင်သူတချို့တွေဆိုရင် ဘေးလွတ်ရာကို ထွက်ပြေးတာတွေတောင် ရှိတယ်။ လေယာဉ်ကတစ်စီးမဟုတ် နှစ်စီးမဟုတ်လာပြီး ဗုံးကြဲတော့ ကြောက်ကြတယ်” ဟု ကျောက်တော်မြို့နယ်၊ အပေါက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်သည် အောက်တိုဘာ ၈ ရက်ကလည်း ဂျက်တိုက်လေယာဉ်၊ Y12 တို့ဖြင့် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာနှင့် နဂရာမြောက်ဘက်က မှိုင်းချောင်းတောင်တန်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းပြင် အောက်တိုဘာလ ၇ ရက်ကလည်း ကျောက်တော်မြို့အနီးက အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၉ တပ်မဌာနချုပ်အနီးဝန်းကျင်၊ ဒေါင်းတော်ယိုးကျေးရွာအနီးက ခမရ ၃၇၆ တပ်ရင်းနှင့် ဒေါင်းတော်ယိုး သင်္ချိုင်းဟောင်းနေရာများ၊ ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာအနီးက နန်းတက်သိမ်ဘုရားအနီးတို့ကို ဗုံးအလုံးရေ ရာနှင့်ချီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်း ရခိုင်ပြည်မြို့နယ်အနှံ့နှင့် ကျောက်တော်မြို့နယ်တို့ကို နေ့စဉ်ရက်ဆက် လေယာဉ်အုပ်စုလိုက်ဖြင့် နာရီနှင့်ချီကြာအောင် ဗုံးကြဲတိုက်ခိုက်နေ၍ ကျောက်တော် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
“တစ်ခါလာပစ်ရင် ဗုံးအလုံး ၂၀ ထက်မနည်းကြဲချတာ၊ ပြီးတော့ လေယာဉ်ကလည်း အနည်းဆုံး သုံးလေးစီးနဲ့ လာပစ်တယ်။ နောက်ပြီး အရင်တုန်းကလို တစ်လုံးဗုံးကြဲပြီးရင် ပြန်မသွားဘူး။ နာရီနှင့်ချီကြာအောင် ဗုံးကြဲတာ၊ လေယာဉ်ကလည်း အုပ်စုလိုက်လာပြီးကြဲတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်။ အဓိက ကလေးတွေဆိုရင် လေယာဉ်သံကြားရင်ကို ကြောက်နေပြီ” ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်သည် ရခိုင်ပြည်က ဆုံးရှုံးမြို့နယ်များကို ပြန်လည်ရရှိနိုင်ရန် စစ်တွေ၊ ကျောက်ဖြူ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ချင်းပြည်နယ်တို့က စစ်ကြောင်း ၇ ခုနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း AA ၏ ခုခံစစ်ကြောင့် အကျအဆုံးများစွာနှင့် တပ်ပြန်ဆုတ်နေရသည်။
ရခိုင်စစ်မြေပြင်တွင် စစ်ရှုံးနေသည့်စစ်တပ်သည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားရှိရာနေရာများကို နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မြင့်တက်လျက်ရှိနေသည်။
DMG