မြန်မာနိုင်ငံတွင် သတင်းသမား ၁၈ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဟု အသံအဖွဲ့ ထုတ်ပြန်

By MPM 20 အောက်တိုဘာ, 2026 👁 77

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတင်းသမား ၁၈ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့အနက် ၁၇ ဦးကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထားကာ ကျန်တစ်ဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည်ကို အတည်မပြုနိုင်သေးကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံ (Athan) အဖွဲ့က ထုတ်ပြန်ထားသည်။

အသံအဖွဲ့၏ ၂၀၂၆ ခုနှစ် တတိယသုံးလပတ် စောင့်ကြည့်မှတ်တမ်းအရ ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း သတင်းသမားများ ထပ်မံဖမ်းဆီးခံရခြင်း၊ ပြန်လည်လွတ်မြောက်လာခြင်းနှင့် သေဆုံးခြင်းတို့ မရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား စုစုပေါင်း ၂၃၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၈၈ ဦး ပြန်လည်လွတ်မြောက်လာကာ ၁၃ ဦး သေဆုံးခဲ့ကြောင်း အသံအဖွဲ့၏ စောင့်ကြည့်မှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် ၂၂၂ ဦး၊ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းခန့်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်ရှစ်ဦးမှာ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။

စစ်အုပ်စုက ဖမ်းဆီးထားသည့် သတင်းသမား ၁၇ ဦးအနက် သုံးဦးမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သုံးဦးမှာ ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိ၊ ငါးဦးမှာ ထောင်ဒဏ် ၁၀ နှစ်မှ ၁၃ နှစ်အထိနှင့် လေးဦးမှာ ထောင်ဒဏ် ငါးနှစ်မှ ရှစ်နှစ်ခွဲအထိ အသီးသီး ချမှတ်ခံထားရသည်။

ကျန်နှစ်ဦးမှာ ပြစ်ဒဏ်အမိန့် ချမှတ်ခံရ ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းသမား ၁၇ ဦးအနက် ၁၅ ဦးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရကြောင်း အသံအဖွဲ့က ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများကြောင့် ရခိုင်ပြည်အခြေစိုက် လွတ်လပ်သောသတင်းဌာနတစ်ခုဖြစ်သည့် DMG သတင်းဌာနလည်း ထိခိုက်နစ်နာခဲ့ရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်အုပ်စု တပ်ဖွဲ့ဝင်များက စစ်တွေမြို့၌ ဘာသာရေးအလှူပွဲတစ်ခုကို သတင်းယူနေသည့် DMG သတင်းထောက် ကိုထက်အောင်ကို ဖမ်းဆီးခဲ့ပြီး DMG သတင်းခန်းသို့ အတင်းအကျပ် လိုက်လံပို့ဆောင်ခိုင်းစေခဲ့သည်။

ထို့နောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များက DMG ရုံးကို ဝင်ရောက်စီးနင်းကာ ရုံးလုံခြုံရေးဝန်ထမ်း ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခဲ့သည်။

ရုံးအတွင်းရှိ ကင်မရာများ၊ ကွန်ပျူတာများ၊ ဗီဒီယိုတည်းဖြတ်ရေးပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ဝန်ထမ်းလစာပေးရန်ထားရှိသည့် ငွေကြေးများကို သိမ်းဆည်းခဲ့ပြီး ရုံးအဆောက်အအုံကိုလည်း ချိပ်ပိတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် အစောပိုင်းကာလအတွင်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးခဲ့သည့်အပြင် စစ်အုပ်စု၏ စစ်ကြောရေးစခန်းသို့လည်း အနည်းဆုံး နှစ်ကြိမ် ပို့ဆောင်စစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့သည်။

ယင်းအမှုမှာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်ရှိ မွတ်ဆလင်များအပေါ် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ခြောက်နှစ်ပြည့်ကာလတွင် တရားမျှတမှုဖော်ဆောင်ပေးရန် တောင်းဆိုမှုများနှင့်ပတ်သက်၍ DMG က ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်နှင့် ဆက်စပ်နေသည်။

၎င်းတို့နှစ်ဦးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအစောပိုင်းတွင် စစ်တွေအကျဉ်းထောင်မှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၆ ဖြင့် နောက်ထပ် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံခဲ့ရသဖြင့် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့သည် တစ်ဦးလျှင် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

၎င်းတို့နှစ်ဦးသည် လက်ရှိအချိန်အထိ ပုသိမ်အကျဉ်းထောင်တွင် ဆက်လက်အကျဉ်းချခံထားရပြီး ကျန်းမာရေးပြဿနာများလည်း ကြုံတွေ့နေရသည်။

သို့သော် လက်ရှိကျန်းမာရေးအခြေအနေ အသေးစိတ်ကို မသိရှိရသေးပေ။ ကိုစိုးဝင်းအောင်မှာ ယခင်က ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူခဲ့ရသူဖြစ်သည်။

စစ်အုပ်စုသည် DMG ၏ အခြားသတင်းထောက်များ၊ အယ်ဒီတာများနှင့် ရုံးဝန်ထမ်း ၁၈ ဦးကိုလည်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

၂၀၂၆ ခုနှစ် တတိယသုံးလပတ်အတွင်း သတင်းသမားများ ထပ်မံဖမ်းဆီးခံရမှု မရှိခဲ့သော်လည်း သတင်းသမားများ ဆက်လက်အကျဉ်းချခံထားရခြင်းသည် မြန်မာနိုင်ငံတွင် လွတ်လပ်သောသတင်းမီဒီယာလုပ်ငန်းနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုများ ဆက်လက်တည်ရှိနေကြောင်း ပြသနေသည်။

DMG