
ဗိုလ်ချုပ်မှူးကြီးရာထူးမှ အငြိမ်းစားယူပြီး မိမိကိုယ်မိမိ သမ္မတပြန်ခန့်ကာ တိုင်းပြည်အာဏာရယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား တွေ့ဆုံမှုဆွေးနွေးမှုအား ငြိမ်းချမ်းရေးဆွေးနွေးမှုအဖြစ် နာမည်တပ်သုံးနှုန်းနေကြခြင်းသည် စစ်အာဏာသိမ်းကာလ (၅) နှစ်ကျော်အတွင်း မကြာခဏ မြင်တွေ့နေရသည့် ဝါဒဖြန့်များသာဖြစ်ပြီး ကွဲပြားခြားနားမှုတစုံတရာ မမြင်တွေ့ရဟု ဆိုရပါမည်။
သို့သော် စစ်အုပ်စုနှင့် စစ်အုပ်စုဘက်ပင်းသည့် အစုအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကမူ နေ့ချင်းညချင်းပင် ငြိမ်းချမ်းရေးရရှိသွားတော့မည့်အလား ဝါဒဖြန့်ချိနေကြပါသည်။ လက်တွေ့တွင်တော့ ခေတ်အဆက်ဆက် စစ်အုပ်စုချဉ်းကပ်ခဲ့သမျှသော ငြိမ်းချမ်းရေးကမ်းလှမ်းမှုများနှင့် ဆွေးနွေးပွဲများဟူသည် စစ်အာဏာရှင်စနစ် အမြစ်တွယ်သက်ဆိုးရှည်စေရေးအတွက် အသုံးချခဲ့သော ဝေါဟာရသက်သက်သာ ဖြစ်ခဲ့ပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် လက်တလောတွေ့ရှိနေရသည့် ငြိမ်းချမ်းရေးအမည်တပ် တွေ့ဆုံဆွေးနွေးမှုများ၊ တွေ့ဆုံဆွေးနွေးမှုများအတွင်း တွေ့ရှိရသော သက်ဆိုင်ရာအစုအဖွဲ့များ၏ ဖြစ်တည်မှုများနှင့် ငြိမ်းချမ်းရေးအတွက် အလားအလာများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
ငြိမ်းချမ်းရေးအမည်တပ် တွေ့ဆုံဆွေးနွေးမှုများ
ဤနေရာတွင် ကနဦးမှတ်ယူရမည်က ငြိမ်းချမ်းရေးဟူသော “အမည်နာမ” အား တပ်ဆင်သုံးနှုန်းခြင်းသည် အာဏာသိမ်းစစ်အုပ်စု၏ အာဘော်ဝါဒဖြန့်ခြင်းသပ်သပ်သာဖြစ်ကြောင်း ရှင်းလင်းစွာ နားလည် ထားရပါမည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်၊ စစ်အာဏာသိမ်းသည့်နေ့မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖြစ်တည်လာသော ငြိမ်းချမ်းလုပ်ငန်းစဉ်တစ်ခုလုံး ရပ်တန့်သွားခဲ့ရပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုသည့်အထိုင်လည်း ပြိုပျက်သွားခဲ့ရသည်။ အလားတူ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs) များ၏ စုဖွဲ့မှုများလည်း စည်းနှောင်မှု ယုတ်လျော့သွားရပါသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်အုပ်စုနှင့် NCA လက်မှတ်ထိုးထားသည့် ERO များအကြား တွေ့ဆုံဆွေးနွေးပွဲကို လေ့လာကြည့်ကြပါစို့။
စစ်အာဏာသိမ်းကာလအတွင်း ပြောင်းလဲဖွဲ့စည်းခဲ့သည့် အာဏာသိမ်းစစ်အုပ်စု၏ “အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) တွေ့ဆုံဆွေးနွေးပွဲ” ဟူသော ခေါင်းစဉ်ပေးသည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း မည်၍မည်မျှပါဝင်သည်ကို တိကျစွာဖော်ပြမထားဘဲ စစ်အုပ်စုက ရောချထားသည်ကို တွေ့ရသည်။
အခြားတဖက်တွင်တော့ အဆိုပါဆွေးနွေးပွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း၏ အစည်းအဝေးနှုတ်ခွန်းဆက်စကား၊ နိဂုံးချုပ် အမှာစကားများတွင် ၎င်းတို့အဖွဲ့၏ ဖြစ်တည်မှုကို 7 EAO Alliance (7 EA) ကိုသာ ကိုယ်စားပြုကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်ကို တွေ့ရသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးစိုင်းငင်း၏ အမှာစကားနှစ်ခုစလုံးတွင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်ဟူသော 7 EA ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သဘောထား (၃) ရပ်ကို ဦးစားပေးတင်ပြထားပါသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်အုပ်စု၏ NSPNC တို့အကြား တွေ့ဆုံပွဲတွင်တော့ နှစ်ဖက်လိုလားချက်များကို အပြန်အလှန်တင်ပြခဲ့ကြသည်ကို တွေ့ရသည်။
ထိုအထဲ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင်ပတ်သက်ခြင်းမပြုရန် SSPP/SSA ထံ စစ်အုပ်စု၏တောင်းဆိုချက်ကိုကြည့်လျှင် တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်အုပ်စု၏ အထက်စီးဆန်သောဆက်ဆံမှုကို ထင်ရှားစေခဲ့သည်။
ထို့ကြောင့် လက်တလော စစ်အုပ်စုနှင့် အပစ်ရပ်သော၊ မရပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများသည် နိုင်ငံတဝှမ်း မြင့်တက်ကျယ်ပြန့်နေသော စစ်ရေးပဋိပက္ခဖြစ်စဉ်များ လျှော့ချရေးအတွက် သက်ရောက်မှုတစုံတရာမရှိနိုင်သေးသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသော ခေါင်းစဉ်တပ်ရန်လည်း လိုက်ဖက်နေခြင်းမရှိသေးဟု ဆိုရမည်ဖြစ်သည်။
ဆွေးနွေးပွဲများအတွင်း တွေ့ရှိရသော အစုအဖွဲ့များ၏ ဖြစ်တည်မှု
အစုအဖွဲ့ (၁) အဖြစ် စစ်အုပ်စု၏ NSPNC ၏ ဖြစ်တည်မှုကို ကြည့်ပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး တစ်ရက်အကြာ၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော တပ်မတော်ငြိမ်းချမ်း ရေးဆွေးနွေးမှုကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်၊ စစ်အာဏာသိမ်းသည့်နေ့တွင် NSPNC အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရလက်ထက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တပ်မတော်သားကိုယ်စားပြုအဖြစ်ပါဝင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား NSPNC ၏ ဥက္ကဌအဖြစ် စစ်အာဏာသိမ်းကာလတလျှောက်လုံး ခန့်အပ်တာဝန်ပေးခဲ့သည်။
အစုအဖွဲ့ (၂) အဖြစ် NCA လက်မှတ်ထိုးထားသည့် ERO များ၏ ဖြစ်တည်မှုကို သရုပ်ခွဲကြည့်ပါက ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD ဦးဆောင်သော အစိုးရလက်ထက်အတွင်း လက်မှတ်ရေးထိုးထား သည့် ERO (၁၀) ဖွဲ့ရှိပြီး အဆိုပါ (၁၀) ဖွဲ့မှ ခေါင်းဆောင်များစုစည်းကာ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) ကို ဖွဲ့စည်းသည်။ စစ်အုပ်စု၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သော ERO (၃) ဖွဲ့ (ABSDF ၊ CNF၊ KNU) သည် PPST မှ နှုတ်ထွက်သွားသဖြင့် အစုအဖွဲ့ (၂) ၏ ဖြစ်တည်မှုသည် ဖွဲ့စည်းပုံပျက်ယွင်းသွားခဲ့ရသည်။ လက်ကျန် (၇) ဖွဲ့ထဲမှ ERO (၄) ဖွဲ့ (ALP၊ LDU၊ PNLO၊ NMSP) တို့သည်လည်း ၎င်းတို့အဖွဲ့အတွင်း စစ်အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်သည့်အုပ်စုနှင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံသည့်အုပ်စုအဖြစ် စုစည်းမှုကွဲအက်ခဲ့ရသည်ကို တွေ့ရသည်။ ထို့ကြောင့် လက်တလော စစ်အုပ်စုနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သော 7 EAO Alliance တွင် RCSS၊ DKBA နှင့် KPC တို့သာ စုစည်းမှုအခိုင်အမာဖြင့် ပါဝင်ထားနိုင်သည်ဟု ဆိုရပါမည်။ ၁
NCA လက်မှတ်ရေးထားခြင်းမရှိဘဲ စစ်အုပ်စုနှင့် တဖွဲ့ချင်းစီတွေ့ဆုံးခဲ့ကြသည့် ERO များကို အစုအဖွဲ့ (၃) အဖြစ် ရှုမြင်ပြီး လေ့လာကြည့်ပါက SSPP/SSA ၏ ဖြစ်တည်မှု၊ UWSP/UWSA ၏ ဖြစ်တည်မှုနှင့် NDAA (မိုင်းလား) ၏ ဖြစ်တည်မှုတို့သည် ကွဲပြားခြားနားမှုအချို့ရှိကြသော်လည်း NCA မဟုတ်သော အခြားလမ်းကြောင်းကို ဦးတည်ထားသည့် ERO (၇) ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များဖြစ်ကြပါသည်။ အာဏာသိမ်းစစ်တပ်၏ ကန့်သတ်ချက်များကြောင့်သာ FPNCC အဖြစ် တစုတစည်းတည်း ဆွေးနွေးနိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ရသည်ဟု ဆိုရပါမည်။ အခြားသော FPNCC အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ကမူ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုနှင့် မလွှဲမရှောင်သာ တွေ့ဆုံနေရသည့်သဘော ရှိပါသည်။

ထူးခြားမှုအဖြစ် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) များနှင့် မကြာ ခဏ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလေ့ရှိသော ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) ကို အာဏာသိမ်းစစ်အုပ်စုက ဆွေးနွေးဖက်အဖြစ် စင်တင်လာခြင်းဖြစ်သည်။ SNA သည် NCA လက်မှတ်ထိုးခွင့်နှင့် NCA အရ ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ပါဝင်ခွင့်တို့ကို ငြင်းပယ်ခံခဲ့ရဖူးသည့် အဖွဲ့လည်းဖြစ်သည်။
သုံးသပ်တင်ပြချက်
အထက်တွင် တင်ပြခဲ့သော တွေ့ဆုံဆွေးနွေးမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများတွင်း ပါဝင်သော အစုအဖွဲ့များ၏ ဖြစ်တည်မှုများကို လေ့လာကြည့်ပါ အာဏာသိမ်းစစ်အုပ်စု၏ ဆွေးနွေးဘက်များသည် မြန်မာ နိုင်ငံအတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များ လျော့ချရေးအတွက် ဦးတည်ဆွေးနွေးနေကြသည့် ဆွေးနွေးဖက်များအဖြစ် ရှုမြင်ရခက်ခဲပါသည်။ မလွှဲမရှောင်သာဘဲ အာဏာသိမ်းစစ်တပ်၏ ဆွေးနွေးဘက်များဖြစ်နေကြရသည့် အဖွဲ့များပါဝင်သလို စစ်မက်ဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေမှသာ ဖြစ်တည်မှုအရာဝင်မည့်အဖွဲ့များကိုလည်း တွေ့မြင်ရပါသည်။
မည်သို့ဆိုစေ အာဏာသိမ်းစစ်အုပ်စုသည် အဆိုပါဆွေးနွေးဖက်များကို လိုသလိုအသုံးချကာ မြန်မာပြည်တွင် ၎င်းတို့ဦးဆောင်သော ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ စည်းကားနေပြီဟု အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း မျက်လှည့်ပြရန် ကြိုးပမ်းနေပါလိမ့်မည်။ စစ်အာဏာရှင်စနစ် အမြစ်တွယ်၊ သက်ဆိုးရှည်စေရေးအတွက် အာဏာသိမ်းစစ်အုပ်စု ဦးဆောင်သော “ငြိမ်းချမ်းရေး” ဝေါဟာရသည် အသုံးချခံသက်သက်၊ အလိမ်အညာသက်သက်သာ ဖြစ်နိုင်သည်ဟု ဆိုရပါမည်။
အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ် ယခုလိုပဲ တုံ့ပြန်ထားပါသည်။
“စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်အုပ်စုက အသာစီးရတဲ့အနေအထားကနေ ဆွေးနွေးချင် နေတာ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီလိုဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး”