သတင်းမြင်ကွင်း

By MPM 8 ဇွန်, 2026 👁

Quad ၏ စိုးရိမ်မှုအလွန် အိန္ဒိယနှင့် တရုတ်၏ စစ်အုပ်စုအ‌ပေါ် ချဉ်းကပ်မှု

၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များ၏ ဒေသတွင်း အကျိုးသက်ရောက်မှုများအပေါ် စိုးရိမ်းမကင်းဖြစ်နေရသည်ဟု ဆိုပါသည်။

အာဆီယံအဖွဲ့မှ ကြိုးပမ်းလျက်ရှိသည့် ဘုံသဘောတူညီချက် (၅) ရပ်ကို Quad က ထပ်မံထောက်ခံထားပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်းရေး၊ အဓမ္မဖမ်းဆီးခံထားရသူ များအား ပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာထောက်မှုဆိုင်ရာအကူအညီများ လွတ်လပ်စွာပေးနိုင်ရေးနှင့် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာစေရေးတို့ကို တိုက်တွန်းထားသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးထိပါးလာမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပြန့်နှံ့လာခြင်းအပေါ် Quad က အဓိက စိုးရိမ်နေကြောင်း ဖော်ပြထားသည်။

၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင်တော့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကာ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ သည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးဒုက္ခသည်ပြဿနာ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးကိစ္စများကို ဆွေးနွေးခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါအောင်ဆန်းစုကြည်၏ အခြေအနေကိုလည်း နာရင်ဒရာမိုဒီက မေးမြန်းခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ချင်းပြည်နယ် ပလက်ဝဒေသအတွင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project – KMTTP) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း (India- Myanmar-Thailand Trilateral Highway) အကောင်အထည်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်းရှိ သတ္တုနှင့် မြေရှားဒြပ်စင်ဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗစ်ကရမ်မီဆရီ (Vikram Misri) က ဆိုပါသည်။

ထူးခြားမှုအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ယီ (Wang Yi) က  မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ခေါ်ထားပြီး ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ တရားဝင် လာရောက်လိမ့်မည်ဟု တရုတ်နိုင်ငံရေးခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ပြောပါသည်။

စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးအကြား အလွန်တိုတောင်‌သောကာလအတွင်း အပြန်အလှန်ပတ်သက်မှုဖြစ်ပြီး တရုတ်သမ္မတ ရှီ ကျင်းဖျင်အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ် (၄) ခုအား ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် တရုတ် – မြန်မာ အနာဂတ်အသိုက်အဝန်းတည်ဆောက်ရေးအတွက် ဆွေးနွေးသွားနိုင်ရန် မျှော်လင့်ထားကြောင်း မော်လင်းက ဆိုပါသည်။

ဆိုရသော် ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့၊ Quad အစည်းအဝေးအပြီး (၅) နှစ်ကျော်ကြာ နိုင်ငံ့အာဏာသိမ်းယူထားသည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါ် အင်အားကြီး အိမ်နီးချင်းနိုင်ငံကြီးနှစ်ခု၏ ချဉ်းကပ်ဆက်ဆံမှုများသည် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် သတိပြုစရာဖြစ်လာပါသည်။ အထူးသဖြင့် မြန်မာ ပြည်သူလူထုအပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သမ္မတအဖြစ် ခေါ်ဝေါ်သုံးနှုန်းနေကြသည့် တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် လူမိုက်အားပေးချဉ်းကပ်မှုများ မဖြစ်ရန် သတိပြုဆင်ခြင်သင့်ကြောင်း တင်ပြအပ်ပါသည်။

၁။ Quad Foreign Ministers’ Meeting Joint Statement, 26 May 2026
၂။ Special Briefing by MEA on the visit of President of Myanmar (June 01, 2026)
၃။ Foreign Ministry Spokesperson Mao Ning’s Regular Press Conference on June 3, 2026