၂၀၂၅ ခုနှစ်၏ နှစ်လယ်ပိုင်းကတည်းက အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများကို BNI-Myanmar Peace Monitor အနေဖြင့် လေ့လာတင်ပြခဲ့ပြီးဖြစ်သည်။ ထိုကာလက တော်လှန်ရေးအင်အားစုများအတွင်း သတင်းအမှားများဖြန့်လွှင့်ကာ သပ်လျှိုသွေးခွဲခြင်း၊ တရုတ်အစိုးရ၏ အကူအညီရယူခြင်းနှင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်အုပ်စု၏ လှုပ်ရှားမှုများကို တွေ့ရှိခဲ့ရသည်။
၂၀၂၆ ခုနှစ် မေလ ၅ ရက်၊ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စု ပြန်လည်ထိန်းချုပ်သွားသည့် မော်လူးမြို့သည် တော်လှန်ရေးအင်အားစုများထံမှ ပြန်လည်ထိန်းချုပ်သွားသည့် (၁၇) ခုမြောက် မြို့ဖြစ်လာခဲ့သည်။
BNI-Myanmar Pace Monitor အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ မြို့ပြန်ထိန်းချုပ်ရေးလှုပ်ရှားမှုများနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

အချက်အလက်များ
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ မကွီးအိမ်နူးမြို့သည် အာဏာသိမ်းစစ်အုပ်စုမှ တော်လှန်ရေးအင်အားစုများထံ ပထမဆုံး လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့၊ ပဲခူးတိုင်းအရှေ့ပိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ တောကျွဲအင်းမြို့သည် နောက်ဆုံးလက်လွှတ်ဆုံးရှုံးခဲ့ရသည့်မြို့ဟု ဆိုရပါမည်။
စစ်အာဏာသိမ်းကာလအတွင်း ရှမ်းမြောက်ဒေသတွင် (၂၄) မြို့၊ ရခိုင်ပြည်နယ်တွင် (၂၄) မြို့၊ ချင်းပြည်နယ်တွင် (၁၆) မြို့၊ ကချင်ပြည်နယ်တွင် (၁၄) မြို့၊ စစ်ကိုင်းတိုင်းတွင် (၈) မြို့၊ ကရင်နီ (ကယား) ပြည်နယ်တွင် (၅) မြို့၊ မန္တလေးတိုင်းတွင် (၄) မြို့၊ ကရင်ပြည်နယ်တွင် (၄) မြို့၊ ရှမ်းတောင်ဒေသတွင် (၂) မြို့၊ ပဲခူးအရှေ့ဒေသတွင် (၂) မြို့နှင့် တနင်္သာရီတိုင်းတွင် (၁) မြို့ စသည်ဖြင့် မြန်မာနိုင်ငံတဝှမ်း တိုင်းနှင့်ပြည်နယ် (၁၀) ခုမှ မြို့ပေါင်း (၁၀၄) မြို့အထိ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။
BNI-Myanmar Peace Monitor ၏ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်အထိ မှတ်တမ်းအရ အာဏာသိမ်းစစ်တပ်သည် ၂၀၂၄ ခုနှစ်တွင် (၃) မြို့၊ ၂၀၂၅ ခုနှစ်တွင် (၉) မြို့နှင့် ၂၀၂၆ ခုနှစ်တွင် (၅) မြို့ စုစုပေါင်း (၁၇) မြို့ကိုသာ တော်လှန်ရေးအင်အားစုများထံမှ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါင်း (၈၇) မြို့ကို တော်လှန်ရေးအင်အားစုများက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ [1]
မြို့ပြန်ထိန်းချုပ်ရေးနည်းလမ်းများ
တိုင်းစစ်ဌာနချုပ်များအပါအဝင် မြေပြင်စစ်စခန်းများ၊ တပ်ရင်းများပြိုပျက်ကာ တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများ ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်ခြင်းနည်းလမ်းသည်သာ အာဏာသိမ်းစစ်အုပ်စုအတွက် တခုတည်းသော ရွေးချယ်စရာဖြစ်ခဲ့သည်။ ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့အထိ စစ်အာဏာသိမ်းကာလတလျှောက် နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၁၇၇ မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၃၁၆၁) ခုတွေ့ရှိခဲ့ရသည်။ ထိုအထဲမှ ဖြစ်စဉ် (၆၃၉) ခုကို စစ်အုပ်စုပြန်ထိန်းချုပ်သွားသည့် မော်လူးနှင့် မိုးဗြဲအပါအဝင်မြို့နယ် (၁၅) ခုတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

စစ်အာဏာသိမ်းကာလတလျှောက် စစ်အုပ်စုပြန်ထိန်းချုပ်သွားသည့် မြို့နယ်များအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်ပါက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မဟာမိတ်ပူးပေါင်းတပ်များ ခေတ္တထိန်းချုပ်နိုင်ခဲ့သည့် မြဝတီမြို့နယ်သည် စစ်အုပ်၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ် ဖြစ်ခဲ့သည်။
တအာင်းအမျိုးသားတပ်မတော် (TNLA) ထိန်းချုပ်ရာ နောင်ချိုနှင့် ကျောက်မဲမြို့များသည် အာဏာသိမ်းစစ်အုပ်နှင့် အပေးအယူ သဘောတူညီချက်မရခင်အချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ရပါသည်။
မြို့များပြန်လည်ရရှိရေးအတွက် စစ်အုပ်စု၏ ဒုတိယမြောက်နည်းလမ်းအဖြစ်မူ တရုတ်အစိုးရ၏ အကူအညီရယူကာ နယ်မြေများ ပြန်တောင်းခံခိုင်းခြင်းပင်ဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လာရှိုးမြို့ ပြန်လည်ရရှိခဲ့သည့်ဖြစ်စဉ်သည် အထင်ရှားဆုံးဖြစ်ခဲ့သည်။ အလားတူ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်ပင် TNLA နှင့် ဒေသတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များအား ပြန်လည်ရရှိခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်လာသည့် The Diplomat နှင့် အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အင်တာဗျူးတွင်လည်း တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်အုပ်စုနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလိုပြောဆိုထားပါသည်။
“စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်အုပ်စုက အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမယ့် ကျနော်တို့ကတော့ ဒီလိုဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး” [2]
မည်သို့ဆိုစေ MNDAA နှင့် အပစ်ရပ်စဲထားနိုင်ခြင်း TNLA နှင့် အပစ်ရပ်စဲထားနိုင်ခြင်းတို့သည် အာဏာသိမ်းစစ်အုပ်စုအတွက် မြေပြင်ထိုးစစ်အင်အားကို အတိုင်းအတာတခုအထိ တိုးချဲ့တည်ဆောက်နိုင်ခဲ့သလို လက်လွှတ်ဆုံးရှုံးထားရသည့်မြို့များ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လည်း အခွင့်သာစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း တွေ့ရှိရသည့် စစ်အုပ်စုပြန်ထိန်းချုပ်သွားသည့် မြို့ (၆) မြို့၏ ဖြစ်စဉ်များကို လေ့လာကြည့်ပါက ၎င်းတို့နှင့် ပူးပေါင်းထောက်ခံလျက်ရှိသည့် ပျူစောထီး (ပြည်သူ့စစ်) များ၊ လက်နက်ကိုင်အစုအဖွဲ့များ၊ စစ်မှုထမ်းဆင်းများကို အသုံးပြုကာ မြေပြင်ထိုးစစ်နှင့် လေကြောင်းထိုးစစ်များကို ပူးတွဲ အသုံးပြုခဲ့ရပါသည်။ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ ပြန်ထိန်းချုပ်သည့်ဖြစ်စဉ်သည် အာဏာသိမ်းစစ်တပ်နှင့် ဒေသတွင်း ရှမ်းနီအမျိုးသားများတပ် (SNA) တို့ ပူးပေါင်းထိုးစစ်ဆင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ [3]
မြို့များ ပြန်လက်လွှတ်လိုက်ရသည့် အကြောင်းအရင်း
တရုတ်အစိုးရ၏ ဖိအားကြောင့် လက်လွှတ်လိုက်ရသည့် မြို့များအဖြစ် လားရှိုး၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို လက်ညှိုးထိုးပြနိုင်သေးသော်လည်း ကောလင်းမှသည် အင်းတော်၊ မော်လူးနှင့် ဖလမ်းမြို့အထိ မြို့ပေါင်း (၁၄) မြို့ကို လက်လွှတ်ခဲ့ရခြင်းသည် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို တော်လှန်ရေးအင်အားစုများအနေဖြင့် မခုခံနိုင်ခြင်းကြောင့်ဟု ယေဘုယျ ရှုမြင်နိုင်ပါသည်။ လူသူအင်အားနှင့် လက်နက်ခဲယမ်းမလုံလောက်ခြင်းတို့သည် တော်လှန်ရေးအင်အားစုများ ခုခံအားကျဆင်းလာခြင်း၏ အကြောင်းအချက်များ ဖြစ်လာသည်။
အခြားတဖက်တွင် အာဏာသိမ်းစစ်အုပ်စုထံ မြို့များ ပြန်လည်လက်လွှတ်လိုက်ခြင်းကို မဟာဗျူဟာအရ ဆုတ်ခွာပေးခဲ့ပြီး စစ်အုပ်စုထိန်းချုပ်ရာမြို့များအား ပြန်လည်ဝိုင်းပတ်ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် အပြုသဘောရှုမြင်သူများရှိသော်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပေါင်းစည်းညီညွတ်ရေးသည် မေးခွန်းထုတ်ခံနေရပါသည်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းခြင်းနှင့် ဒေသအလိုက် ဖက်ဒရယ်ယူနစ်များ၊ အစိုးရအဖွဲ့ပုံစံများကို ဖွဲ့စည်းလာနိုင်ခြင်းတို့သည် တော်လှန်ရေးအင်အားစုများအတွက် နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုများအဖြစ် ရှုမြင်ကြသော်လည်း ပိုမိုအားကောင်းသည့် ညီညွတ်မှုခွန်အားတရပ်အား မြင်တွေ့ရရေးအတွက်မူ အလှမ်းဝေးနေဆဲဖြစ်သည်။
တော်လှန်ရေးအင်အားစုများအချင်းချင်းအကြား ခိုင်မာအားကောင်းသည့် စုစည်းညီညွတ်မှုတရပ် မရရှိသေးသည်ပင် အာဏာသိမ်းစစ်အုပ်စုအတွက် ကြီးမားသည့် အခွင့်အလမ်းတရပ်ဖြစ်နေသည်ဟု ဆိုရပါမည်။
သုံးသပ်တင်ပြချက်
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် မြို့များအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်ထိုးစစ်၊ လေကြောင်းထိုးစစ်အပြင် ပင်လယ်ပြင်မှတဆင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းအထိ ကြည်း၊ ရေ၊ လေ ထိုးစစ်အစုံဖွင့်ကာ ဆက်လက်လှုပ်ရှားလာနိုင်ပြီး တရုတ်အစိုးရ၏ အကူအညီဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များအပေါ် ဖိအားပေးလာဖွယ်ရှိသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် လူအင်အားမမျှခြင်း၊ လက်နက်အင်အားမလုံလောက်ခြင်းတို့ထက် ခိုင်မာအားကောင်းသည့် စုစည်းညီညွတ်မှုတရပ်ကို လက်တွေ့ကျကျ ပေါင်းစပ်လှုပ်ရှားနိုင်ရေး ဦးစားပေးသင့်ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
၁။ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ပေါင်း (၈၇) မြို့၊ BNI-MPM ၊ ၁၅ မေ ၂၀၂၆
၂။ “ကျနော်တို့ကတော့ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ” ၊ DMG ၊ ၆ မေ ၂၀၂၆
၃။ NUG တပ်များသိမ်းထားသည့် ဗန်းမောက်မြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်၊ မြန်မာနောင်း ၊ ၉ ဖေဖော်ဝါရီ ၂၀၂၆