အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ခြင်းအပေါ် အလေးထားရန်မလိုအပ်ကြောင်း KNU – ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက တုန့်ပြန်ပြောဆိုလိုက်သည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်/တပ်မဟာ (၁) ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အပါအဝင် လူ ၂၀ ကျော်အား ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်မှုမှ အကာအကွယ်ပေးရေးဥပဒေ ချိုးဖောက်မှုသည်ဟုဆိုကာ စစ်အုပ်စုက သက်ဆိုင်ရာ ၎င်းတို့နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာများမှ ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
“ကေအဲန်ယူကိုတောင်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသေးတာ။ အမှုဖွင့်ပြီး လာဖမ်းရင်လည်းဖမ်း ဘာမှမဖြစ်ပါဘူး။ ကျနော်တို့ ခေါင်းထဲတောင် မထည့်ဘူး။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ” ဟု ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စု၏အဆိုအရ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ပါဝင်သော လူပုဂ္ဂိုလ် (၂၂) ဦးအား သထုံမြို့နယ်၊ သိမ်ဆိပ်ရဲစခန်းတွင် နိုဝင်ဘာ (၅) ရက်နေ့က အမှုဖွင့်ခဲ့သလို ရွေးကောက်ပွဲပျက်စေရန် ရေးသားလှုံ့ဆော်ပြောဆိုမှုဖြင့် ရန်ကုန်၊ မကွေးနှင့် မွန်ပြည်နယ်နေထိုင်သူများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တွင် မွန်ပြည်နယ်အတွင်း မြို့နယ် (၉) ခုပါဝင်ပြီး ကေအဲန်ယူ ထိန်းချုပ်သည့် သထုံခရိုင်/တပ်မဟာ (၁) အနေဖြင့် ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဟု စစ်အုပ်စုက ကြေညာထားသည်။
ထို့အပြင် စစ်အုပ်စုက ရွေးကောက်ပွဲကာလ နီးကပ်လာချိန်၌ ကေအဲန်ယူ သထုံခရိုင်အတွင်း အင်အားဖြည့်တင်းခြင်း၊ ဒရုန်းနှင့် လေကြောင်းကင်းထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းတို့ ခပ်စိပ်စိပ် လုပ်ဆောင်လာနေကြောင်း စစ်ရေးနှင့်ဒေသခံသတင်းအရင်းအမြစ်တို့မှ သိရသည်။
သထုံခရိုင် တပ်မဟာ (၁) အနေဖြင့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပြီး ကေအဲန်ယူဗဟို၏ သဘောထားအတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကေအဲန်ယူ – ဗဟိုကလည်း ရွေးကောက်ကိုဆန့်ကျင်ကြရန် တိုက်တွန်းထားပြီး ထိုနောက်ပိုင်း အဖွဲ့အစည်းတစ်ခုလုံးကို စစ်အုပ်စုက မတရားအသင်းစာရင်းသွင်းထားသည်။
၎င်းအပြင် ပြီးခဲ့သည့် ဩဂုတ်လပိုင်းက ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ခေါင်းဆောင်အချို့ကိုပါ လှိုင်းဘွဲမြို့ မရဲစခန်းတွင် ရွေးကောက်ပွဲအကာအကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။
စစ်အုပ်စုမီဒီယာက ထုတ်ပြန်ချက်တွင် အောက်တိုဘာ (၃၁) မှ နိုဝင်ဘာ (၇) ရက်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းဆိုင်းဘုတ်ကို ဖျက်ဆီး၍လည်းကောင်း၊ လူမှုကွန်ရက်ပေါ် ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့်ပတ်သက်ပြီး စာရေးသားဟောပြောခြင်း၊ လှုံ့ဆော်နှောင့်ယှက်ခြင်းတို့ကြောင့် ပဒိုစောစိုးမြင့်အပါအဝင် လူ (၂၀) ထက်မနည်းကို အမှုထပ်မံဖွင့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စုက ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားရေးမှ အကာအကွယ်ပေးရေးဥပဒေကို ဇူလိုင်လ (၂၉) ရက်နေ့က ထုတ်ပြန်ပြီးနောက် Data for Myanmar အဖွဲ့၏ စာရင်းအရ အောက်တိုဘာ (၂၉) ရက်နေ့အထိ အရေးယူခံရသူ (၈၈) ဦးရှိခဲ့သည်။
ထို့ကြောင့် (၄) လနီးပါးအတွင်း ယခုတစ်သုတ်အပါအဝင် ထိုဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခံရသူ စုစုပေါင်း ၁၀၀ ကျော်ရှိလာပြီဖြစ်သည်။
ကေအိုင်စီ