စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့ပြီး နေ့အချိန်တိုက်ခိုက်ခြင်းထက် ညအချိန်တိုက်ခိုက်ခံရခြင်းက အရပ်သားများကို ပိုမို ထိခိုက်သေဆုံးစေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်း (MDSI) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု၏ ၇၂ ရာခိုင်နှုန်းမှာ နေ့အချိန်ဖြစ်ကာ ၂၈ ရာခိုင်နှုန်းမှာ ညအချိန်ဖြစ်သော်လည်း သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်အများဆုံးမှာ ညအချိန်တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု MDSI က ယနေ့ (နိုဝင်ဘာ ၆ ရက်) တွင် ထုတ်ပြန်သည်။
ယင်းသို့ တိုက်ခိုက်မှုအတွင်း ကျောင်းသား/သူ ကလေးသူငယ်အပါအဝင် စုစုပေါင်း ၁၆၅ ဦး သေဆုံးခဲ့ပြီး ၃၀၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် နေရာများမှာ ရှမ်းမြောက်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ဖြစ်ကြောင်း ဖော်ပြသည်။
“ ကျနော်တို့ဆီမှာလည်း စစ်ကောင်စီဟာ လူတကာ နှိက်ခြိုက်စွာ အိပ်နေချိန်မှာ လေယာဉ်နဲ့ တိုက်ခိုက်တာ ပိုပြီးမြင်ရတယ်။ ဒါကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု ပိုများတယ်။ ဒါတွေကတော့ တကယ့်ရက်စက်တဲ့လုပ်ရပ်လို့ ပြောရမယ်။ အရပ်သားနေထိုင်ရာနေရာ၊ မြို့ရွာ၊ စစ်ဘေးရှောင်စခန်းဘာမှ မချန်ထားဘူး” ဟု ရခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
MDSI ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် Jet Fighter (ဂျက်တိုက်လေယာဉ်) ကို အကြိမ် အများဆုံး အသုံးပြုခဲ့ပြီး Param otorn (စက်တပ်လေထီး) Gyrocopter နှင့် Y-12 လေယာဉ်များ ပါဝင်ကာ လူနေ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
တိုက်ခိုက်ခံရသည့် စာသင်ကျောင်းများမှာ စစ်ကိုင်းတိုင်းရှိ ချောင်းဦးမြို့နယ် ဘုံတိုရွာနှင့် အရာတော်မြို့နယ်ရှိ သစ်ချိုကုန်းရွာ၊ ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဗန်ဟာရွာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နှင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တို့ရှိ စာသင်ကျောင်းများဖြစ်ပြီး ၅၃ ဦး သေဆုံးကာ ၈၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
ထို့အတူ မန္တလေးတိုင်း နွားထိုးကြီး တောင်သာ၊ ရှမ်းမြောက်ဒေသ နမ္မတူနှင့် ကျောက်မဲမြို့နယ်တို့ရှိ ဘာသာရေး အဆောက်အအုံများကိုလည်း တိုက်ခိုက်ခဲ့သည်။
“ လူတွေအိပ်မောကျတဲ့အချိန်ဆိုတာက လေယာဉ်သံတွေကိုလည်း ကြားနိုင်တာ မဟုတ်ဘူး။ တိမ်းရှောင်ဖို့အတွက်လည်း ညအမှောင်ထဲမှာ ခက်ခဲတယ်။ ဒီလိုအချိန်မျိုးမှာ လူနေရပ်ကွက်တွေကို တိုက်ခိုက်တယ်ဆိုတာက လူထုကို အကြောက်တရားသွင်းဖို့ ရက်ရက်စက်စက် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲဖြစ်တယ်လို့ မြင်တယ်” ဟု နောက်ထပ် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ယင်းကြောင့် လေကြောင်းကို အဓိကအသုံးပြုပြီး စစ်ဘက်မဟုတ်သည့် နေရာများကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်းလည်း တောင်းဆိုနေကြသည်။
ညဘက် အိပ်စက်ချိန်နှင့် လူစုလူဝေးရှိရာ ပွဲလမ်းသဘင်များကို တိုက်ခိုက်ခြင်းသည် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုတို့၏ ပုံမှန် လူနေမှုဘဝမဖြစ်အောင် ဖျက်ဆီးခြင်း တစ်ရပ်ဟုလည်း ပြောဆိုကြသည်။
ထို့အတူ ပြည်သူများ နေထိုင်၍ မရအောင်၊ လုံခြုံမှု ခံစားချက်များ ပျောက်ဆုံးသွားစေရေးနှင့် အစုံအပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း MDSI ထုတ်ပြန်ချက်က သုံးသပ်ထားသည်။
DMG