လာမည့် ဒီဇင်ဘာလတွင် စစ်အုပ်စုမှ ပြုလုပ်ရန် စီစဉ်ထားသော အပိုင်း (၁) ရွေးကောက်ပွဲအပေါ် ကရင်ပြည်နယ်ရှိ ပြည်သူလူထုအကြား စိတ်ဝင်စားမှုနည်းနေပြီး ယုံကြည်မှုလည်းမရှိကြောင်း လေ့လာသိရှိရသည်။
လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ပါတီဆိုင်းဘုတ်တင်ခြင်းများ၊ အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးခြင်းများနှင့် ပါတီမူဝါဒများ ထုတ်ပြန်ဆွေးနွေးခြင်းများကို စတင်ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
သို့သော် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် အမျိုးမျိုးသော စစ်ဆင်ရေးအခြေအနေများအပြင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများကိုလည်း အယုံအကြည်မရှိသောကြောင့် ရွေးကောက်ပွဲအပေါ် လူထုအများစုက စိတ်ဝင်စားမှုမရှိကြကြောင်း မြို့ခံများက ပြောသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသူတစ်ဦးက “တိုက်ပွဲဖြစ်နေတဲ့နေရာမှာတော့ ပြည်သူတွေက စိတ်ဝင်စားမှု မရှိဘူး။ ဒါပေမဲ့ မြို့ပေါ်ဒေသက လူတွေကတော့ နိုင်ငံရေးနာမလည်တဲ့သူတွေ၊ စီးပွားရေး၊ လူမှုရေး၊ အခွင့်အရေးအကျိုး မျှော်တဲ့သူတွေအချို့ကတော့ စိတ်ဝင်စားမှုရှိတယ်။ တချို့ကတော့ ကြားနေတာလည်းရှိတယ်။ ဝင်လည်းမပါဘူး၊ လက်လည်းမခံဘူး။ ပြောလည်းမပြောဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း ဒီဇင်ဘာလတွင် ကျင်းပမည့် အပိုင်း (၁) ရွေးကောက်ပွဲတွင် ဖားအံ၊ မြဝတီနှင့် သံတောင်ကြီးမြို့နယ်တို့ ပါဝင်ပြီး နိုင်ငံရေးပါတီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
အထူးသဖြင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကျားဖြူပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ စသည့်ပါတီများက အဓိက ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ထုတ်ပြန်ထားသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် မြဝတီမြို့ခံတစ်ဦးက “မြဝတီမှာတော့ ထည့်ရမယ်ဆိုရင်တော့ ထည့်ကြမယ့်သူရှိမှာပေါ့။ မဲထည့်မဲ့သူတော့ နည်းနည်းပဲ ရှိမှာပေါ့။ မဖြစ်မနေပဲ ထည့်ရမယ့်သဘော။ ဘာဖြစ်လဲဆိုတော့ တချို့ပြောတာက မဲထည့်လည်း ကိုယ်ထည့်တဲ့ မဲက သူတို့မဲပဲ ဖြစ်သွားမှာပဲလို့ ပြောကြ တာရှိတယ်။ ကွန်ပျူတာတွေနဲ့ သွားနှိပ်ရမယ်ဆိုတော့ ကိုယ်နှိပ်လိုက်တာတစ်ခု သူတို့ဆီ ရောက်သွားမှာတစ်ခု ဖြစ်မှာပေါ့Ó ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၆ နေရာရှိသည်။ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)နှင့် အချိုးချ ကိုယ်စားပြုစနစ် (PR) စနစ်ကို ရောနှောအသုံးပြုသွားမည်ဟု ကြေညာထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်နိုင်ငံရေးပါတီများ၏ သဘောထားကိုသိရှိရန် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။
KIC