မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းကြောင့် ပြည်သူ ၁၂,၀၀၀ ကျော် တောတောင်ထဲ တိမ်းရှောင်နေရသည်ဟု ပေါက်မြို့နယ် (ပအဖ) လူသားချင်းစာနာဌာနက ထုတ်ပြန်သည်။
ပေါက်မြို့နယ်အတွင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ (၂၂) လက်နက်စက်ရုံမှ စစ်သား ၅၀၀ နီးပါးသည် ဒေသခံ ပျူစောထီးများပူးပေါင်းကာ စစ်ကြောင်း (၃) ကြောင်းခွဲ၍ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းမှာ ကျေးရွာများထဲ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများလုပ်နေကြောင်း ပေါက်မြို့နယ် (ပအဖ) လူသားချင်းစာနာဌာန၏ နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၃,၀၀၀ ကျော်၊ လူဦးရေ ၁၂,၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ် စစ်ကြောင်းများသည် ကျေးရွာများအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။
ပေါက်မြို့နယ် ပအဖနှင့် နီးစပ်သူတစ်ဦးက “မနေ့ကဆို မြို့ရဲ့ အရှေ့ပိုင်းက အုန်းတောတောင်စုက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သတင်းရထားပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းထိုးမှုသည် ပေါက်မြို့နယ်၏ တောင်၊ မြောက်နှင့် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးရာနှင့် စစ်ရေးအရ အရေးပါသည့် ဒေသများကို ထိန်းချုပ်နိုင်ရန် အာဏာသိမ်းစစ်တပ်က ကြိုးပမ်းခြင်ဖြစ်သည်ဟု စစ်ရေးသတင်း အရင်းအမြစ်များက သုံးသပ်သည်။
စစ်ရေးအခြေအနေကို သိသူတစ်ဦးက “အခု စစ်ကြောင်းထိုးတာက တောင်ဘက်ကနေ ဆိပ်ဖြူစစ်ကြောင်းကို အဓိကထားပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ သူတို့က တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေကို ဖျက်ဆီးပြီး စစ်မျက်နှာအသစ်ဖွင့်ချင်ပုံရတယ်” ဟု ပြောသည်။
ဆိပ်ဖြူအခြေစိုက် ကပစ (၂၂) စစ်ကြောင်းမှာ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၁၀၉)၊ (၄၁၉)၊ (၁၄) တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကို လွန်ခဲ့သည့် ငါးရက်ခန့်က (Young Revolution Front – ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးကို အရှင်ဖမ်းမိပြီး အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့ လက်လွတ်ဆုံးရှုံးထားသည့် ဒေသများကို အင်အားဖြင့် စစ်ကြောင်းထိုးကာ အရပ်သားနေအိမ်များ မီးရှို့ခြင်းနှင့် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်များက ဖော်ပြသည်။
ပေါက်မြို့နယ် – ပအဖ လူသားစာနာဌာနက စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်