ဗန်းမောက်တွင် စစ်ရှောင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရ

By MPM 4 နိုဝင်ဘာ, 2025 👁

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အလယ်ရွာ ဒေသခံ ကိုယ်လက်အင်္ဂါ မသန်စွမ်းအမျိုးသမီးတဦးကို ရှမ်းနီတပ် (SNA) တပ်သားတဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်၊ ည ၉ နာရီအချိန်တွင် မိခင်နှင့် အတူရှိနေသည့် ထိုအမျိုးသမီးကို အသက် ၃၀ အရွယ်ခန့် SNA တပ်သားနှစ်ဦးမှ အတင်းအဓမ္မခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

“သီလရှင်ကျောင်းမှာ မိခင်နဲ့ အတူရှိနေရာမှ လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ခေါ်သွားတယ်။ မျက်လုံးကို အဝတ်နဲ့စည်း၊ လက်ကိုကြိုးတုပ်ကာ ဦးဝင်းကျော်အိမ်မှာ အဓမ္မပြုကျင့်ခဲ့တယ်။ မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်သားနှစ်ဦးထဲမှ တဦးဖြစ်တယ်” ဟု ဒေသခံတဦးက မသန်စွမ်းအမျိုးသမီးထံက သိရသည့်အချက်များကို မဇ္ဈိမထံ ပြန်ပြောင်းပြောပြသည်။

မသန်စွမ်းအမျိုးသမီးမှာ ကတူးလူမျိုးဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။

ဗန်းမောက်မြို့နယ်၊ အလယ်ရွာသည် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် (SNA) တပ်ဖွဲ့တို့ တန်ပြန်ထိုးစစ်ဆင်ပြီး နှစ်ဖက်ထိန်းချုပ်ထားသည့် ဒေသဖြစ်ကြောင်း သိရသည်။

“SNA ဘက်က ဒီဖြစ်စဉ်ကို အတည်ပြုစုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ SNA တပ်သားမှန်လျှင် အရေးယူမှုလုပ်မယ်။ စကမတပ်ဆိုလျှင် အရေးယူပေးမှုလုပ်လို့ မရဘူး၊ ပူးတွဲစစ်ကြောင်းထိုင်ကြပေမယ့် ပြောလို့မရဘူး” ဟု SNA အရပ်ဘက်ဆက်ဆံရေး တာဝန်ခံက ဆိုသည်။

အာဏာသိမ်းစစ်တပ်နှင့် ရှမ်းနီတပ် ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့နယ်ကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်နှင့် SNA ပူးပေါင်းတပ်တို့၏ တကြော့ပြန်ထိုးစစ်များကြောင့် မြို့အနောက်ခြမ်းမှ အလယ်ရွာအထိ ဒေသတချို့ကို လက်လွှတ်လိုက်ရကြောင်း သိရသည်။

မဇ္ဈိမ