ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း မိမိကိုယ်ကိုယ်သေကြောင်းကြံကာ ဆွဲကြိုးချသေဆုံးသူ ၅ ဦးအထိ ရှိနေသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ယခုလို မိမိကိုယ့်မိမိ သတ်သေသူများထဲတွင် အသက် ၆၀ ကျော်အရွယ်ရှိသူမှစ၍ အသက် ၂၁ အရွယ် လူငယ်များလည်း ပါဝင်သည်။
၎င်းတို့ထဲတွင် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ နာတာရှည် ရောဂါကြောင့် မိမိကိုယ်မိမိ သတ်သေသူ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် ကျန် လူငယ် ၃ ဦးသည် မူးယစ်ဆေးဝါးသုံးစွဲထားသူများဖြစ်သည်ဟု စခန်းဥက္ကဌ စောဆန်းဒေးက ပြောသည်။
“သေဆုံးတဲ့အမှုမှာ ပြန်ကြည့်လိုက်ရင် နာတာရှည်ရောဂါ ဝေဒနာခံစားရသူနဲ့ မူးယစ်ဆေးဝါး သုံးဆွဲမှုရှိတဲ့ လူတွေ ဖြစ်တယ်။ နာတာရှည်ရောဂါခံစားရဲ့သူတွေက သူတို့က ဆီးချိုသွေးချို ဆေးစွဲသောက်နေရတဲ့ သူတွေ ဖြစ်တယ်။ ကျန်တဲ့ လူငယ်နဲ့ လူလတ်တွေက အဓိက မူးယစ်ဆေးဝါးသုံးစွဲတာကြောင့်ဘဲ။ တစ်ခြားကြောင့်တော့ မဟုတ်ဘူး။ အခုစခန်းမှာပြန်ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်း စတင်ဖန်တီးပေးနေပြီ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဆွဲကြိုးချသေဆုံးသူများထဲမှ ၄ ဦးသည် စခန်းအတွင်း၌ နေအိမ်အနီးပတ်ဝန်းကျင်းနှင့် ခြံထဲတွင် ဆွဲကြိုးချ သေဆုံးခြင်းဖြစ်သည်။
ကျန်အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံဆာကဲခရိုင်ရှိ အလုပ်သွားရောက်လုပ်သည့် ကြံစိုက်ခင်းလုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံးခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများ သေကြောင်းကြံမှု များလာသည့်အပေါ် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များဘက်မှလည်း ဒုက္ခသည်စခန်းထဲသို့ လာရောက်ကြည့်ရှု့မည်ဟုလည်း သိရသည်။
အလားတူ မိမိကိုယ်ကိုယ် သေကြောင်းကြံမှု ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ခုနှစ်တုန်းကလည်း မယ်လဒုက္ခသည်စခန်းထဲတွင် ဖြစ်ပွားမှုများခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းများက စခန်းအတွင်း အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်း အသိပညာပေးခြင်း နည်းလာပြီးနောက် ယခုနှစ်တွင် ပြန်အဖြစ်များလာခြင်းဖြစ်သည်ဟု သိရသည်။
ကေအိုင်စီ