လက်ရှိအချိန်ထိ အမျိုးသမီးသတင်းသမားများ အပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ဦးသည် အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂ ရက်တွင် ကျရောက်သော နိုင်ငံတကာ သတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့တွင် ယခုလို ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ စာနယ်ဇင်းသတင်းသမားများအားလုံး၏ ရဲစွမ်းသတ္တိကို သံရုံးက ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များအား ဖမ်းဆီးအကျဥ်းချမှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် သတင်းထောက်များအား ဖမ်းဆီးအကျဥ်းချမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား ၇ ဦးသည် စစ်အာဏာရှင်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး သတင်းသမား ၂၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပါသည်။ အမျိုးသမီးသတင်းသမားများအပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ဦးသည် လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင်အထူးသဖြင့် offline နှင့် online အခြေအနေနှစ်မျိုးလုံးတွင် နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းထောက်များကို အမှတ်ရ ဂုဏ်ပြုထားပြီး ယူကေအစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှအား ရှုတ်ချပါသည်ဟုလည်း ဖော်ပြထားသည်။
မီဒီယာလွတ်လပ်ခွင့်အား အလွဲသုံးစားလုပ်သည့် သို့မဟုတ်ကန့်သတ်ချုပ်ချယ်သည့်သူများအား အရေးယူဆောင်ရွက်ရမည်ဟု ယုံကြည်သည်။
မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အကူအညီများကို ယူကေအစိုးက ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
နိရဥ္ဇရာ