မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲကြရန် ပုပ်ရဟန်းမင်းကြီးလီယို တောင်းဆို

By MPM 20 အောက်တိုဘာ, 2025 👁

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်တို့ အပစ်အခတ်ရပ်စဲကြရန် ပုပ်ရဟန်းမင်းကြီးလီယိုက တောင်းဆိုမိန့်ကြားလိုက်သည်။

အောက်တိုဘာလ ၁၉ ရက် (တနင်္ဂနွေနေ့) က ပြုလုပ်သည့် ဝတ်ပြုဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီးလီယိုက အထက်ပါအတိုင်း တောင်းဆိုမိန့်ကြားခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးကြရန် ပုပ်ရဟန်းမင်းကြီးလီယိုက မိန့်ကြားသည်။

“မြန်မာပြည်မှာဖြစ်နေတဲ့ သတင်းတွေက အင်မတန် စိတ်နှလုံးထိခိုက်ရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ လုံခြုံမှုမရှိဘဲ အခက်အခဲများစွာ ကြုံတွေ့နေရသူတွေရဲ့ စိတ်ဝိညာဉ်နဲ့ တစ်ထပ်တည်းခံစားရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးလီယိုက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ကြပြီး စစ်လက်နက်မပါသော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ဆုတောင်းနေကြောင်းလည်း မိန့်ဆိုသည်။

ပုပ်ရဟန်းမင်းကြီးလီယိုသည် ပြီးခဲ့သည့် မေလ ၈ ရက်တွင် ၁၄ ဆက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင်ကွယ်လွန်ခဲ့သော ၁၃ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏နေရာတွင် ဆက်ခံခဲ့သော ပုပ်ရဟန်းမင်းကြီးလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းက စစ်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

အဆိုပါတိုက်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးလျက်ရှိပြီး အိုးအိမ်အဆောက်အဦအများအပြားလည်း ပျက်စီးဆုံးရှုံးလျက်ရှိကာ လူပေါင်း သိန်းနှင့်ချီလည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်လျက်ရှိကြသည်ဟု သိရသည်။

သို့သော် တော်လှန်ရေးတပ်များ၏ လိုလားချက်များကို စစ်ကော်မရှင်ကမျက်ကွယ်ပြုပြီး စစ်ကော်မရှင်အလိုကျပြုလုပ်မည့်ရွေးကောက်ပွဲဖြင့် နိုင်ငံရေးအမြတ်ထုတ်ရန် အကြမ်းဖက်စစ်တပ်ကကြိုးပမ်းလျက်ရှိသည်ဟုလည်း ဝေဖန်ထားကြသည်။

နိရဉ္စရာ