မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုပြီး တိုင်းပြည် ခွဲထွက်ရေးပြောဆိုချက်ကို လုံးဝ လက်မခံကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
စစ်ကောင်စီ ဦးဆောင်ပြီး NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ‘ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း’ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ မှ ၁၇ အထိ နေပြည်တော်တွင် ၃ ရက်တာ ကျင်းပခဲ့သည်။
ယင်းပွဲအပြီး NCA ၁၀ နှစ်ပြည့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သွားရောက် ဂါရဝပြုခဲ့ရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးပြီ၊ ဒါကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်သွားကြရန်လိုပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော် (စစ်ကောင်စီ) အနေနဲ့ လုံးဝ လက်မခံဘူး။ ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ထိန်းလိုက်နာသွားရမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို သွားရောက် ဂါရဝပြုသူများမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် စဝ်ဆောင်းဟန်၊ PNLO နာယက ဥက္ကာနှင့် ရဲဘော်မျိုးဝင်းတို့ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ထို့အတူ တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်း လိုက်နာသွားရမည်ဖြစ်ကြောင်း၊ လူအနည်းစု၏ သဘောထားကို အလေးထားရမည် ဖြစ်သော်လည်း လူအများစု၏ ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမည်ဟု ပြောဆိုလွှတ်လိုက်ကြောင်း သိရသည်။
“ ဒီတွေ့ဆုံပွဲ သတင်ထုတ်ပြန်ချက်မှာတော့ NCA တက်တဲ့ အဖွဲ့တွေကို စစ်ကောင်စီက တော်တော်လည်း နှိမ့်ချလိုက်တာကို ကျနော်မြင်တယ်။ NCA ခေါင်းဆောင်တွေက စစ်ခေါင်းဆောင်ဆီ တမင်သွားရောက်ပြီး ဂါရဝပြုတယ်လို့ အသုံးအနှုန်းရေးထားတယ်။ အဲဒီအထဲမှာ လုံးဝခွဲမထွက်ရဘူးနော်။ မတော်လှန်ရဘူးနော် ဆိုပြီး ပြောထည့် လိုက်တာကို မြင်ရတယ်။ ပြန်ကြားရေးက သတင်းထုတ်ပြန်တာ NCA အဖွဲ့တွေကို တစ်ဆင့်နှိမ်ထားသလိုရေးထားတာ မြင်ရတယ်” ဟု NCA ပွဲကိုနှင့် ငြိမ်းချမ်းရေးအရေး စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။
ဆက်လက်ပြီး လူနည်းစုသဘောထားကို အလေးထားပြီး လူအများစု၏ ဆန္ဒကို အလေးထားရမည်ဆိုသည့် သဘောမှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများထက် ဗမာလူမျိုးမှာ အင်အားကြီးသဖြင့် သူတို့၏ ဆန္ဒကိုလည်း လိုက်နာရမည်ဆိုသည့် သဘောထားကို ပြောဆိုလိုက်ခြင်းဟု နားလည်ရကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများက ဆိုသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အချိန်အထိ လွတ်လပ်ရေး၏ အသီးအပွင့်ကို မခံစားရသေးသဖြင့် လူမှုစီးပွားများစွာ နောက်ကျကျန်နေသဖြင့် ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည်များကို တောင်းဆိုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အကျိုးကိုဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အလားတူ NCA သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် အခြေခံ ဥပဒေအားပြင်ဆင်၍ ရသည်များကို ပြင်ဆင်ပေးသွားမည်ဟုလည်း စစ်ကောင်စီက ကတိပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ခေါင်းဆောင်က အင်အားနည်း EAOs အဖွဲ့များကို နိုင်ငံရေး မက်လုံးများ အာမခံချက် ကတိပြုချက်ပြုနေခြင်းမှာ ကိုယ်ကျိုးစီးပွားအသီးသီးအတွက် နိုင်ငံရေး အမြတ်ထုတ်နေကြခြင်းဟု နိုင်ငံရေးသမားများက ရှုမြင်သည်။
“ ငြိမ်းချမ်းရေးကို သွေးစွန်းနေတဲ့ လက်နဲ့ စားပွဲဝိုင်းထိုင်ပြီးတော့ ပြည်သူတွေအပေါ် ကိုယ်ချင်းစာစိတ်၊ အာမခံပေးနိုင်တဲ့ အစိုးရတရပ် မဟုတ်ဘဲ ဂုဏ်သိက္ခာမရှိတဲ့ လူအုပ်စုတွေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်မှာလား။ ဒါတွေက တက်နေတဲ့ ခေါင်းဆောင်တွေ ပိုသိမယ်။ ကျနော့် အထင်ကတော့ ကိုယ်ကျိုးစီးပွားတစ်ခုအတွက် အာဏာရှင်ဆက်လက် အသက်ရှည်ဖို့ လုပ်နေကြတာတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုံးဝ မဖြစ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
NCA သည် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ် မူတည်၍ ရေးဆွဲထားခြင်းဖြစ်သဖြင့် အားလုံးအတွက် ခိုင်မာသည့် အဆင့်မြင်စာချုပ်ဖြစ်ကြောင်းကိုလည်း နှစ်ဘက်လုံးက ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အတူ NCA ကို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် ယခင်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရကြောင်း စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့သည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း ပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရသည်။
DMG