အာဏာသိမ်းစစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်တချိန်တည်းတွင် နိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောဆိုသည်။
စစ်အုပ်စုတပ်သည် အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်၊ လေကြောင်းတိုက်ခိုက်မှုနှင့် အဓမ္မစစ်သားစုဆောင်းမှုဖြစ်စဉ်များသည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပိုမိုလုပ်ဆောင်နေသည်ဟု (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စုတပ်သည် အာဏာသိမ်းယူသည့်အချိန်မှစတင်၍ ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၃,၇၄၄)ကြိမ်တွင် အရပ်သား (၄,၁၃၅) ဦးအထိ သေဆုံးခဲ့ကြောင်း၊ ၎င်းသေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၅၅၉) ဦးပါဝင်နေကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်း၌ စာသင်ကျောင်း (၃၇၄) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၂၉) လုံးနှင့် ဘာသာရေးအဆောက်အအုံ (၅၇၆) ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုသည်။
NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စစ်အုပ်စုတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုလည်း (၄၅၂) မှုအထိ ဆက်တိုက် ကျူးလွန်နေပြီး လက်ရှိအချိန်အထိ စစ်အုပ်စုတပ်၏ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသူပေါင်း (၄,၇၆၃) ဦးတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၃၈) ဦးနှင့် အမျိုးသမီး (၈၂၉) ဦး ပါဝင်လျက်ရှိနေသည်။
မြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်အုပ်စုတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၂၁,၅၀၅) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဒေသဖြစ်သည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုစုထားသောစာရင်းတွင် ဖော်ပြထားသည်။
အလားတူ သျှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၈ ရက်နေ့အထိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံအရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့ပြီး (၂၇) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ယခုလို စစ်အုပ်စုတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ခံစားနေရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိရေးကို လက်ရှိအချိန်တွင် လုပ်ဆောင်၍ မဖြစ်နိုင်သေးကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်ဟန်က ပြောသည်။
“အခုချိန်မှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပြည်သူတွေက ဘယ်သူ့ကို အားကိုးရမလဲ၊ ဘယ်သူ့ကို ပြောရမလဲဆိုတဲ့ ပုံစံမျိုးက မရှိသေးဘူး။ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့် အချင်းချင်းကူညီပြီးတော့မှ ဖြတ်သန်းနေရတယ်။ သူတို့အတွက် တရားမျှတမှုတွေကို လုပ်ပေးဖို့၊ သူတို့အတွက် ကာကွယ်မှု လုပ်ပေးဖို့ဆိုတာကလည်း မျှော်လင့်လို့ မရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် စစ်အုပ်စုသည် နိုင်ငံအနှံ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဆက်တိုက် ပြင်ဆင်လုပ်ဆောင်နေပြီး လက်လွတ်ထားရသည့် နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိနေကြောင်း တော်လှန်ရေးတပ်များက ပြောသည်။
ကေအိုင်စီ