အကျဉ်းထောင်များတွင်ဖြစ်ပေါ်နေသည့် ဆိုးရွားသည့်အခြေအနေများကြောင့် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားများ၏ အသက်နှင့်ဂုဏ်သိက္ခာတို့အား ကာကွယ်ပေးရန် နိုင်ငံတကာ၏ အလေးထားသော အာရုံစိုက်မှုနှင့် ကြားဝင်မှုလိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
အောက်တိုဘာလ ၆ ရက်နေ့ကပြုလုပ်သည့် ကုလသမဂ္ဂ ပင်မကော်မတီတခုဖြစ်သည့် လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိ မြန်မာနိုင်ငံတဝှမ်းတွင် အကျဉ်းကျနေသူများသည် အကျဉ်းသားဦးရေထူပြောမှု၊ အစားအစာနှင့် သောက်သုံးရေမလုံလောက်မှု ကြုံတွေ့နေရပြီး အခြေခံသုံးကုန်အတွက်ပင် စားရိတ်ကျခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အကျဉ်းထောင်များအပါအဝင် နိုင်ငံတဝှမ်းတွင် ထိတ်လန့်ဖွယ်ကောင်းသည့် ပမာဏဖြင့် ကြီးလေးကျယ်ပြန့်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျကျူးလွန်နေကြောင်းလည်း ဆိုသည်။
အာဏာသိမ်းကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း အသက်သေဆုံးမှုများရှိခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကလည်း မကြာသေးမီကပင် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံထားရသည့် ၎င်းမိခင်၏ ကျန်းမာရေးအတွက် အထူးစိုးရိမ်သည်ဟု ထုတ်ဖော်ပြောကြားထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ထိရောက်သည့်လုပ်ဆောင်ချက်များကို မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ချက်ချင်းဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံအခြေအနေအား အလေးအနက်စဉ်းစားပေးရန်နှင့် နိုင်ငံတွင်း အလွန်အမင်း ဖိနှိပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားကူညီပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ကို မေတ္တာရပ်ခံခဲ့ကြောင်းလည်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတွင် အကျပ်အတည်း ပိုမိုမနက်နဲစေရန်နှင့် အရပ်သားဆုံးရှုံးမှုများအား ကြိုတင်တားဆီးနိုင်ရန် နိုင်ငံတကာတာဝန်ခံမှုနှင့် ကာကွယ်မှုတို့ကို အရေးပေါ်လိုနေကြောင်းလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ကာ အာဏာသိမ်းစစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲကို ညီညွတ်စွာ ဝိုင်းဝန်းကန့်ကွက်ကြရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
မဇ္ဈိမ