နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

By MPM 9 အောက်တိုဘာ, 2025 👁

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ အာဏာသိမ်းစစ်တပ်က လေကြောင်း ဆက်တိုက်ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇) ရက်အထိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ အာဏာသိမ်းစစ်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၄) ဦးသေဆုံးကာ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ပေါ် နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း အဆောက်အဦ (၁၀) လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံ မျက်မြင်တွေ့ရှိသူ ပြောပြချက်အရ သိရသည်။

“စစ်တပ်က အချိန်မရွေး ဗုံးကြဲမှုတွေ ပြုလုပ်နိုင်တဲ့အတွက် ဒေသခံတွေ၊ နမ္မတူကိုလာပြီး စစ်ရှောင်တဲ့ ပြည်သူတွေရော လွတ်ရာကို ပြေးနေရတယ်။ ဦးတည်ရာ ဘေးလွတ်မယ်ထင်တဲ့နေရာကို သွားကြတယ်၊ လားရှိုးရော နောက်ပြီး ဒီအနီးအနားရော။ နမ္မတူမြို့ပေါ်တော့ လူသိပ်မရှိတော့ဘူး” ဟု နမ္မတူဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူဒေသခံနှင့် အခြားမြို့နယ်မှ စစ်ဘေးလာရှောင်သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ များသောအားဖြင့် လားရှိုးမြို့သို့ စစ်ဘေးရှောင် သွားကြကြောင်း သိရသည်။

“ဆွေမျိုးရှိတဲ့ နေရာမျိုးကို သွားတာပေါ့။ လားရှိုးမှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် အခန်းငှားနေတာ ရှိတယ်၊ တချို့လည်း အလှူရှင်နဲ့တွေ့ပြီး နေရာမငှားရတာတွေလည်း ရှိတယ်။ နေ့တိုင်းလိုလိုတော့ ရှောင်သွားနေကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြေးနေရတာ၊ တော်တော်တော့ ခက်ခဲတယ်။ ခန့်မှန်းချေ အယောက်ပေါင်း (၂၀၀) လောက်တော့ ရှိလောက်ပြီ” ဟု အဆိုပါ နမ္မတူစစ်ရှောင် အမျိုးသမီးက ပြောသည်။

ထို့အပြင် နမ္မတူမြို့အနီးရှိ ကျေးရွာဒေသခံများသည် လက်တလော ခြံထွက် ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန် ဖြစ်ခြင်းကြောင့် အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

“ကျနော်တို့က ဒီစိုက်ပျိုးရေးအတွက် အခြားသူတွေဆီမှာ ငွေတိုးယူပြီး စိုက်ထားတာ၊ တကယ်လို့ ကျနော်တို့ ဒါကို စွန့်ပြီး ထွက်ပြေးရင် အကြွေးပြဿနာ ကြုံရနိုင်တယ်။ ဒါကြောင့် ထွက်ပြေး တိမ်းရှောင်ဖို့က ခက်ခဲနေတယ်” ဟု နမ္မတူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးရေးလုပ်နေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုတောင်သူများသည် အာဏာသိမ်းစစ်တပ်၏ အချိန်မရွေး လေကြောင်းဗုံးကြဲမှုကို စိုးရိမ်ထိတ်လန့်စိတ်ဖြင့် လယ်ယာလုပ်ကိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ဘေးတိမ်းရှောင်သွားသူများအတွက်လည်း ရေရှည် စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“အခုလောလောဆယ်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားနေရတာ။ မိသားစုက ၄ယောက်ရှိတယ်။ လူတယောက်က အနည်းဆုံး ကျပ်တစ်သောင်းကုန်တယ်။ အလုပ်ကလည်း မလုပ်ရတော့ ရေရှည်ဆိုရင် ခက်မယ်” ဟု လားရှိုးရောက်နေသည့် နမ္မတူစစ်ဘေးရှောင် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ထိန်းချုပ်ထားသည့် မြို့ (၁၂) မြို့ထဲမှ ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကို အာဏာသိမ်းစစ်တပ်၏ ပထမဆုံး ပြန်လည်ထိန်းချုပ်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲမြို့သည် ဒုတိယမြို့ ဖြစ်လာသည်။

ထို့နောက် အာဏာသိမ်းစစ်တပ်သည် TNLA ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့၊ သီပေါမြို့၊ နမ္မတူမြို့၊ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့ကို ဆက်တိုက် လေကြောင်းဗုံးကြဲမှု ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာသည်။

သျှမ်းသံတော်ဆင့်