ကော့ကရိတ်မြောက်ပိုင်းရှိ နောင်ထပ္ပံ-မြပတိုင်ရွာသားအချို့ကို အာဏာသိမ်းစစ်တပ် ဖမ်းဆီး

By MPM 7 အောက်တိုဘာ, 2025 👁

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြောက်ပိုင်းရှိ နောင်ထပ္ပံ-မြပတိုင်ရွာအထိ တိုးလာသည့် အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့သည့်ရက်ပိုင်းတွင် မြပတိုင်ရွာအတွင်း ဝင်ရောက်၍ ရွာသားအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

အောက်တိုဘာလဆန်းက နောင်ထပ္ပံရွာနှင့် မြပတိုင်ကျေးရွာများဘက်သို့ ဝင်ရောက်လာသည့် စစ်အုပ်စု၏ ခြေလျင်တပ်များသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် စခန်းချတပ်စွဲရင်း မြပတိုင်ရွာသားအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု နောင်ထပ္ပံရွာရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ရွာထဲစစချင်းဝင်လာတုန်းက တစ်ဖွဲ့က ရွာကလူတွေ စာသင်ကျောင်းမှာစုနေပေးဖို့ပြောပြီး ပုံရိုက်တယ်။ အထက်ကိုတင်ဖို့နေမှာ။ လူတွေကိုဘာမှတော့မလုပ်ဘူး။နောက်တစ်ဖွဲ့ကကျတော့ မြပတိုင်ရွာကတချို့ရွာခံတွေကို နောင်ထပ္ပံဘက် ဖမ်းသွားပြီး ဘုန်းကြီးကျောင်းမှာ တစ်ညပေးအိပ်တယ်။ မနက်ကျ တချို့ကိုပြန်လွှတ်လိုက်တယ်။ တချို့လည်းပြန်မလွတ်လာသေးဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။

နောင်ထပ္ပံဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အာဏာသိမ်းစစ်တပ်က ထမင်းချက်၊ ဟင်းချက်အလုပ်စေခိုင်းထားကြောင်းလည်း ထိုရွာအနီးဝန်းကျင်နေထိုင်သူအချို့က ပြောသည်။

ဖမ်းခံထားရသူများအနက် လက်ရှိအချိန်ထိ ပြန်မလွတ်သေးသူ ၁၀ ဦးထက်မနည်း ကျန်ရှိနေသေးကြောင်း သတင်းရရှိထားပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါစစ်အုပ်စုသည် ကော့ကရိတ်-မြပတိုင်လမ်းမှ နဘူးမြို့အထိ သွားနိုင်ရေး ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် လမ်းပိုင်းတောက်လျှောက် ကျေးရွာများရှိ ဒေသခံများကို ၎င်းတို့စစ်အုပ်စုအတွက် နဘူးအထိအရောက် လမ်းပြပို့ဆောင်ခိုင်းခြင်းတို့ရှိသည်ဟု ဒေသခံများက ဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးက “တနေးချား (နဘူး) ဘက်ကို ဒီနေ့ရောက်မရောက်တော့ မသိရသေးဘူး။ ဟိုတစ်ရက်ကတော့ အဲဒီမြပတိုင်တို့ဘက်က ရွာခံတွေကို သူတို့ (စစ်အုပ်စု) နဲ့ အတူတူလိုက်ခိုင်းတယ်။ လိုက်ပို့ပေးခိုင်းတာ။ နောက်တစ်ခုက အဲဒီလမ်းပိုင်းတောက်လျှောက်က ခြံတွေထဲ သူတို့လိုက်ဝင်နေမှာလည်း ကြောက်ရတယ်။ သူတို့ရှိနေတော့ အိမ်လည်း သေချာပြန်မနေရဲဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်များ ခုခံကာကွယ်ထားသည့် ဗျူဟာကျ ဗျက္ခသီဟဘုရားကုန်းကို စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် ပြန်လည်တပ်စွဲယူနိုင်ပြီးနောက် ကော့ကရိတ်-မြပတိုင်ဘက်အထိ တိုးလာခြင်းလည်းဖြစ်ကြောင်း ဘုရားကုန်းတိုက်ပွဲအတွင်းရှိခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က မှတ်ချက်ပြုသည်။

မြဝတီတောင်ပိုင်း လေးကေကော်ဒေသအပါအဝင် ကော့ကရိတ် တောင်ပိုင်းနှင့်မြောက်ပိုင်းသို့ အင်အားဖြန့် စစ်မျက်နှာပြင်တိုးချဲ့နေသည့် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့အထိ တိုက်ပွဲအပြင်းအထန်ဆက်လက်ဖြစ်ပွားနေသည်။

ထို့အတူ အာဏာသိမ်းစစ်တပ်ဘက်ကလည်း သာလွန်အင်အား ဆက်တိုက်သုံး၍ လက်နက်ကြီးပစ်ခတ်မှု နေ့စဥ် လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။

ကေအိုင်စီ