အာဏာသိမ်းစစ်အုပ်စုဟာ တရားမဝင် ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေပြီး တစ်ဘက်မှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အချက်အလက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာပထမပတ်မှာ ထုတ်ပြန်ခဲ့တဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ အချက်အလက်တွေအရ တရားမဝင် ရွေးကောက်ပွဲ နီးကပ်လာလေ အရပ်သားတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုတွေ ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အဓမ္မစစ်သားစုဆောင်းမှုဖြစ်စဉ်တွေမှာ ကိန်းဂဏန်းတွေ လပိုင်းအတွင်း မြင့်တက်လာတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၇၄၄ ကြိမ်ရှိပြီး သေဆုံးသူပေါင်း ၄,၁၃၅ ဦး ရှိတဲ့ထဲက အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၆၀ နီးပါး ပါဝင်ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၃၇၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၂၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၅၇၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်က ဖော်ပြပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုလည်း ၄၅၂ မှုအထိ ဆက်တိုက်ကျူးလွန်နေပြီး လက်ရှိအချိန်အထိ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း ၄,၇၆၃ ဦး ရှိပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၃၈ ဦး ပါဝင်နေပြီး အမျိုးသမီး ၈၂၉ ဦး ပါဝင်ပါတယ်။
အဓမ္မစစ်သားစုဆောင်းမှုမှာတော့ ဖြစ်စဉ်ပေါင်း ၁,၆၁၈ ရှိပြီး အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ ၃၀,၇၀၆ ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်က ဖော်ပြပါတယ်။
မန္တလေးတိုင်းဟာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရမှု အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်နေတာပါ။
လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်ပေါင်း ၂၁,၅၀၃ ခု ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဟာ အများဆုံးဖြစ်ပွားခဲ့တာပါ။
ကျူးလွန်ချိုးဖောက်ခံရတဲ့ဖြစ်စဉ်တွေထဲမှာ တရားလက်လွတ်သတ် ဖြတ်ခံရမှုဟာ အများဆုံး ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်မှာတော့ အမှုပေါင်း ၅,၀၁၆ မှု ရှိနေတယ်လို့ NUG ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ နိုင်ငံအနှံ့ အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပဖို့ ပြင်ဆင်နေပြီး လက်လွှတ်ထားရတဲ့ နယ်မြေတချို့မှာလည်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အရှိန်မြှင့်လာနေတာပါ။
အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ မနက် ၇ နာရီခွဲကျော်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ သီပေါမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ် ၇ လုံးထက်မနည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်