တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၇ နာရီအချိန်လောက်မှာ မင်းပြင်ရွာရှိ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီမီးရှို့မှုဟာ အဲဒီနေ့ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား မင်းပြင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်က အထိနာသွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတဲ့အတွက် ဒေသခံအများစု နေရပ်မပြန်ရဲသေးပါဘူး။
ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
သံလွင်တိုင်းမ်