မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် စစ်မှုထမ်းအတွက် တစ်ရွာလျှင် ကျပ်သိန်း ၅၀ ပေးရန် ခြိမ်းခြောက် ကောက်ခံမှုများရှိနေသည်ဟု ရွာသားများက ပြောသည်။
မဇောကျေးရွာအုပ်စုရှိ တောတန်းကျေးရွာနှင့် အရှေ့တောင်ကျေးရွာတို့တွင် ယခု စက်တင်ဘာလမှစတင်၍ လစဥ် တစ်ရွာကို ကျပ်သိန်း ၅၀ ပေးရမည်ဟု ရာအိမ်မှူးများက စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေအိမ်များကို ဖုန်းဆက် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဆိုသည်။
အသက် ၄၀ ခန့်အရွယ် တောတန်း ရွာသားတစ်ဦးက “တောင်းထားတဲ့ ပိုက်ဆံမပေးရင် စစ်တပ်ခေါ်လာပြီး တွေ့တဲ့လူ အကုန်လုံး ဖမ်းခိုင်းမယ်လို့လည်း ခြိမ်းခြောက်တယ်။ နောက်ပြီးတော့ လတိုင်း ပုံမှန်ပေးရမယ်လို့လည်း ပြောတယ်။ အကြမ်းတွက်ကြည့်တာ အိမ်တစ်ဆောင်ကို ရှစ်သောင်းလောက်ကျတယ်။ ရွာသားတွေက စိတ်ပူနေကြရတယ်လေ” ဟု ပြောသည်။
တောင်းထားသည့် ပိုက်ဆံကို မပေးဆောင်ကြပါ အုပ်ချုပ်ရေးမှူးများက စစ်တပ်ဖြင့် ဖမ်းခိုင်းမည်ဟု ပြောဆိုနေကြောင်း ရွာသားများက ပြောသည်။
ဖုန်းမှ ဆက်သွယ်ခြိမ်းခြောက်မှုကို မဇောကျေးရွာအုပ်စုရှိ တောတန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းတို့နှစ်ဦးမှာ ကျေးရွာထဲ၌ ရှိမနေဘဲ မြိတ်မြို့ပေါ်တွင် သွားရောက်တိမ်းရှောင်နေသူများဖြစ်သည်ဟု ရွာသားများက ပြောသည်။
မဇောကျေးရွာအုပ်စုအတွင်းရှိ ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြရပြီး လက်ရှိတွင် ကုန်စျေးနှုန်းကြီးမြင့်သည့်ဒဏ်ကြောင့် စားဝတ်နေရေးပိုင်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်မှ ပုံစံအမျိုးမျိုးသုံးကာ တပ်သားသစ်များကို စုဆောင်းနေပြီး လက်ရှိတွင်လည်း စစ်မှုထမ်းအပတ်စဥ် ၁၈ အတွက် တပ်သားသစ်များကို စုဆောင်းလျက်ရှိနေသည်ဟု ရွာသားများက ပြောသည်။
NMG