စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး နိုင်ငံတဝန်း ခုခံတော်လှန်စစ်ဆင်နွှဲလာသည်မှာ လက်ရှိ ၄ နှစ်ကျော်ကာလ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီထိုးစစ်များနှင့်အတူ အောင်ပွဲသို့ တက်လှမ်းခဲ့သော်လည်း ယခုနှစ်တွင် တိုက်ပွဲအရှိန်များ လျော့ကျသွားသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာ ၇ ရက်အထိ နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားဖြစ်စဉ်ပေါင်း ၁,၄၇၄ ခုအထိ ရှိခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်ထိ တိုက်ပွဲဖြစ်စဉ် ၈၈၇ ခု ရှိသည်ဟု BNI- Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။
ယင်းကြောင့် ပြီးခဲ့သည့်နှစ် ကာလတူတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှု ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း တွေ့ရသည်။
“ ၂၀၂၅ ခုနှစ်ထဲမှာကျတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရရှိထားတဲ့ စစ်ရေးအောင်မြင်မှုတွေ၊ နယ်မြေတွေ ထိန်းသိမ်းရေး၊ အုပ်ချုပ်ရေးစတဲ့ လုပ်ငန်းတွေဘက်ကို လှည့်ကြရသလို့ နောက်ထပ် ထိုးစစ်တွေအတွက် ပြန်လည်အားအင်ဖြည့်တင်းရတာမျိုး၊ လက်နက်ခဲယမ်း စုဆောင်းရတာမျိုးတွေ ရှိလာပါတယ်။ ဒါကြောင့် တိုက်ပွဲအရှိန်တွေ ပြန်လျော့သွားတယ်လို့ သုံးသပ်ပါတယ်” ဟု BNI-Myanmar Peace Monitor တာဝန်ခံ ကိုနှင်းကိုက ပြောသည်။
BNI ၏ အချက်အလက်အရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်အထိ ၄ နှစ်တာကာလအတွင်း နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၄၂ ခုမှာ တိုက်ပွဲဖြစ်စဉ်ပေါင်း ၆,၃၃၂ ခုရှိ၍ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွှေ့အဟုန်သည်လည်း သိသာထင်ရှားစွာ ပြင်းထန်ကျယ်ပြန့်ခဲ့ကာ စစ်ကောင်စီအတွက် ကြီးမားစွာ ဖိအားဖြစ်ခဲ့သည်။
၂၀၂၃၊ ၂၀၂၄ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများက အလုံးစုံ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုအခြေအနေ မဟုတ်ခဲ့သော်လည်း အရှိန်မြင့်နေသည့် တော်လှန်ရေးလှိုင်းနှင့်အညီ စစ်ကောင်စီကို စစ်ရေးအရဖိအားပေးမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း BNI က ဆိုထားသည်။
“ စစ်အာဏာရှင် တိုက်ထုတ်နိုင်ရေးအတွက် အရှိန်ကောင်းဆီ ချီတက်နေချိန်မှာ တရုတ်ကြောင့် တစ်ဆစ်ချိုးဖြစ်ခဲ့ရတယ်။ တရုတ်သာ ဝင်မဖက်ဘူးဆိုရင် ဒီကနေ့ တော်လှန်ရေးက လက်တကမ်းသို့ ရောက်နေပြီလို့ ဆိုနိုင်တယ်။ နိုင်ငံတဝန်း စစ်ရေးအရှိန်တွေ လျော့နည်းနေတဲ့အနေအထားကို တွေ့ရပေမယ့် ဒါက နောက်တစ်လှမ်းတက်ဖို့ တော်လှန်ရေးအင်အားစုတွေ အားပြုနေတယ်လို့ ယူဆရတယ်” ဟု ရခိုင်က စစ်ရေးလေ့လာစောင့်ကြည်သူတစ်ဦးက ပြောသည်။
လက်ရှိ နိုင်ငံတဝန်း စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီကို အထွေထွေထိုးစစ်ဆင်နိုင်ရေး အားခဲနေသည့်အနေအထားတွေ့ရပြီး နယ်မြေအလိုက် စုဖွဲ့မှုများ ပြင်ဆင်မှုရှိနေကြောင်း BNI ၏ လေ့လာချက်များအရ သိရသည်။
တစ်ဖက်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည့်ရွေးကောက်ကို ရသမျှနည်းလမ်းစုံဖြင့် ဟန့်တားနိုင်ရန် ကြိုးပမ်းမှုများရှိနေပြီး ထိုအချက်တွင် စစ်ရေးနည်းလမ်းလည်း ပါဝင်သည့်အတွက် ၂၀၂၅ ခုနှစ်မကုန်မီ ထူးခြားသော စစ်ရေးအရွေ့အပြောင်းများဖြစ်လာနိုင်ဖွယ်ရှိကြောင်း BNI က သုံးသပ်ထားသည်။
DMG