တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် တောင်းရင်းအင်းရွာနှင့် ဆယ်အိမ်စုရွာမှ ဒေသခံများ တိုက်ပွဲများကြောင့် စစ်ရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု မြေပြင်စစ်ရှောင်ကူညီနေသူများက ပြောသည်။
အာဏာသိမ်း စစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ယခုလို စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။
“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်တော့ ရွာကဒေသခံတွေ အခုချိန်ထိ မပြန်ရဲကြသေးဘူး။ ကျမတို့အနေနဲ့ လက်လှမ်းမှီ သလောက်ဆိုရင် ဒေသခံ တစ်ထောင်နီးပါးလောက်ရှိတယ်။ သူတို့က ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာရတယ်။ ပြီးတော့ အခုလက်ရှိမှာလည်း ရာသီဥတုအခြေအနေကြောင့် သူတို့အတွက် လိုအပ်ချက်ကရှိတယ်။ နိုင်ငံတကာအကူအညီဆိုတာထက် ကိုယ့်ဒေသကသူတွေဘဲ အချင်းချင်း အပြန်အလှန် ကူညီနေတာမျိုးတွေဘဲ ရှိနေပါသေးတယ်” ဟု မြေပြင်စစ်ရှောင် ကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်တပ်စစ်ကြောင်းသည် တိုက်ပွဲအတွင်း ကျေးရွာအတွင်းရှိ ဘုန်ကြီးကျောင်းအပါအဝင် ပြည်သူပိုင် နေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကိုလည်း ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများကို ယူသွားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်နှင့် နီးစပ်နေသူတစ်ဦးက ပြောသည်။
“နေအိမ် တော်တော်များများ မီးရိူ့ခံထိတယ်။ အဲ့ဒီအပြင် စစ်ရှောင်တွေ ဆေးဝါးလည်း လိုအပ်တယ်။ နေအိမ်တွေလည်းဖောက်ခံထိတယ်။ အခုချိန်ထိ စစ်ရေးအခြေအနေရ တင်းမာမှုတချို့ ရှိနေတုန်းပါဘဲ။ စစ်ဘေးရှောင်နေရတဲ့ အချိန်ကလည်း နှစ်ပတ်ကျော်ရှိလာတဲ့အတွက်လည်း လိုအပ်ချက်တွေ ပိုပြီးများလာတယ်” ဟု ၎င်းကပြောသည်။
အလားတူ ဩဂုတ်လဆန်းပိုင်းမှစ၍ ရေဖြူမြို့နယ် ကလိန်အောင်ဒေသတွင် စစ်တပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်း သိန်ခွန်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု သိရသည်။
ကေအိုင်စီ