စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

By MPM 9 စက်တင်ဘာ, 2025 👁

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် အာဏာသိမ်းစစ်အုပ်စုသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့နယ်ထဲ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် စက်တင်ဘာလ ပထမပတ်အတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ပိန်တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျောက်မဲရောက်ဖို့ ကြာမယ်လို့ ကြားထားတယ်၊ TNLA ကလည်း ခိုက်တုန်ဟုန်းဘက် ခံတပ် ရှယ်ပြင်ထားတာ။ ရှေ့ရက်ကလည်း စစ်တပ်ဘက်က နောင်ပိန်နားတဝိုက် ဘေးရွာတွေကို အဆိပ်ငွေ့ဗုံးနဲ့ တိုက်တယ်လို့ ပြောတယ်၊ လေယာဉ်ကတော့ ရက်ခြားပြီး မြို့ပြင်ဘက် တောက်လျှောက် ဗုံးလာကြဲနေတာ” ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ် မတိုင်မီ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ နှင့် ၂၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည်စွန့်လွှတ်ရန် TNLA ဘက်မှ သဘောတူခဲ့သည်ဟု ဆိုသည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုဘက်မှ နမ့်ဆန်နှင့် မန်တုံမြို့မှလွဲ၍ ကျန်မြို့များအားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနမှ ဩဂုတ်လ ၂၈ ရက်တွင် သတင်းဖော်ပြသည်။

စစ်အုပ်စုနှင့် TNLA တို့၏ ဩဂုတ်လ ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးနောက် စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံရန်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“တရုတ်ကတော့ အဓိက ကုန်သွယ်ရေးလုပ်ဖို့ ပြည်ထောင်စုလမ်းမကြီးပေးဖို့ပဲ၊ တရုတ်က စကစ ကို နားချလိမ့်မယ် တစ်ခုခု သဘောတူဖို့ အပစ်ရပ်ဖို့ဖြစ်ဖြစ်။ ကျောက်မဲ၊ သီပေါ ဒီနှစ်မြို့ကို TNLA ပေးရင် စစ်တပ်က မိုးကုတ်ပါမရတော့ တင်းခံနေတာ။ စကစ က အဓိက မိုးကုတ်၊ မိုးမိတ်ကို လိုချင်တာ ရတနာထွက်တော့” ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၃၀ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ် ပိုးလမ်းမစီမံကိန်း OBOR နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ၌ ပါဝင်သည့် စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင်ရေး၊ သဘာဝသယံဇာတနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။

အလားတူ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာရေးရာ အသိမှတ်ပြုမှုတို့ရရှိခဲ့ကြောင်း အာဏာသိမ်းစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ (၇) ရက်တွင် ပြောဆိုထားသည်။

“ရလဒ်ကောင်းရဖို့ ရှိတယ်လို့တော့ ထင်တယ်၊ ကျောက်မဲကိုတော့ တိုက်ပွဲ မရောက်လောက်ဘူး။ TNLA တွေက လုံးဝ ဆုတ်မှာ သေချာတယ်၊ သူတို့ ပိုင်ရာဆိုင်ရာ အကုန် နမ့်ဆန်ယူသွားကုန်ပြီ။ ရုံးပစ္စည်းတွကစ မီးတိုင်တွေကစ နေ့တိုင်းတင်နေတာပဲ၊ ခုတော့ ကုန်လုနီးနီး ပြောင်ပြီ ယူစရာလည်း မရှိတော့ဘူး” ဟု ကျောက်မဲဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်၌ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၈၆၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယနေ့ (စက်တင်ဘာလ ၉ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်အုပ်စုသည် ကျောက်မဲမြို့ဘက် မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲ၊ သီပေါမြို့ပေါ် ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများမှ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ ဘေးလွတ်ရာ ကျေးရွာများနှင့် လားရှိုးမြို့ဘက်သို့ ထပ်မံတိမ်းရှောင်လျက်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

သျှမ်းသံတော်ဆင့်